Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုအတွေ့အကြုံကို ဝေမျှခဲ့တဲ့ ဗြိတိန်လူငယ် ဆရာဝန်

“ဗုံးကြဲခံရတဲ့ နေရာတွေက အရပ်ဖက် ပစ်မှတ်တွေ အများကြီး ရှိနေတဲ့ ဧရိယာတွေပါ။ ဘုရားကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေ အပါအဝင်ပေါ့။ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်”လို့ သူက ပြောသွားပါတယ်။

(​စစ်​ဘေး​​ရှောင်ပြည်သူ​တွေကိုစေတနာ့ဝန်ထမ်းအဖြစ်ကူညီကုသ​ပေးခဲ့တဲ့ ဒီကလန်စတိုကဲလ်။ဓါတ်ပုံ - Declan Stokle)
(​စစ်​ဘေး​​ရှောင်ပြည်သူ​တွေကိုစေတနာ့ဝန်ထမ်းအဖြစ်ကူညီကုသ​ပေးခဲ့တဲ့ ဒီကလန်စတိုကဲလ်။ဓါတ်ပုံ - Declan Stokle)

▪︎မြန်မာနိုင်ငံကိုလေယာဉ်ဆီနဲ့ လက်နက် တင်ပို့ရောင်းချမှုတွေ ပိတ်ပင်အရေးယူဖို့ ဗြိတိန်အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုဆရာဝန်ကတောင်းဆို

ဗြိတိန်နိုင်ငံက လူငယ် ဆရာဝန် တစ်ယောက်ဟာ မြန်မာနိုင်ငံက ရှေ့တန်း စစ်မျက်နှာပြင်မှာ စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေရင်း ကြုံတွေ့ခဲ့တဲ့ ချောက်ချားစရာ တိုက်ခိုက်ခံရမှုတွေအကြောင်းပြောပြခဲ့ပါတယ်။

နယူးကာဆယ်မြို့သား အသက် ၂၉ နှစ်အရွယ် ဒီကလန်စတိုကဲလ်ဟာ သူအလုပ်လုပ်နေတဲ့ ဆန်းဒါးလန်း တော်ဝင်ဆေးရုံကနေ ခဏတာ ထွက်ခွာလာပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းက ကျေးလက်ဧရိယာ တစ်ခုမှာ ဖွင့်ထားတဲ့ ဆေးခန်းတစ်ခုကို သီတင်း ၅ ပတ်ကြာ သွားရောက် ကူညီခဲ့ပါတယ်။ သူဟာ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း ဆေးတပ်သားတွေကို သင်တန်းပေးခဲ့သလို လူနာတွေကိုလည်း ကူညီ ကုသပေးခဲ့တယ်လို့ Chriniclelive သတင်းဌာနကို​​ပြောကြားခဲ့ပါတယ်။

ဒီကလန်ဟာ ဒီလို အရေးကြီးတဲ့ အလုပ်မျိုးမှာ နှစ်အတော်များများ ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်ပေမယ့် အောက်တိုဘာလ ခရီးစဉ်ကတော့ ၂၀၂၁ ခုနှစ်၊အာဏာသိမ်းမှုအပြီးမြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တဲ့ ကာလအတွင်း ပထမဆုံး ဖြစ်ပါတယ်။ အမေရိကန် စေတနာ့ဝန်ထမ်း အဖွဲ့အစည်း တစ်ခုဖြစ်တဲ့Free Burma Rangersနဲ့ချိတ်ဆက်ပြီး ရောက်ရှိလာတဲ့ ဒီကလန်ဟာ ကျန်းမာရေး အဆောက်အအုံတွေနဲ့အပြစ်မဲ့ ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်တာတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့လို့ ထိတ်လန့် တုန်လှုပ်သွားခဲ့သလို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကြားဝင် ကူညီပေးဖို့ ဗြိတိန် အစိုးရကို တောင်းဆိုခဲ့ပါတယ်။

(​စစ်​ဘေး​​ရှောင်ပြည်သူ​တွေကိုစေတနာ့ဝန်ထမ်းအဖြစ်ကူညီကုသ​ပေးခဲ့တဲ့ ဒီကလန်စတိုကဲလ်။ဓါတ်ပုံ - Declan Stokle)
(​စစ်​ဘေး​​ရှောင်ပြည်သူ​တွေကိုစေတနာ့ဝန်ထမ်းအဖြစ်ကူညီကုသ​ပေးခဲ့တဲ့ ဒီကလန်စတိုကဲလ်။ဓါတ်ပုံ – Declan Stokle)

“ဒီလို ဆေးခန်းမျိုးတွေမှာ ကျွန်တော် သုံးခါလောက်ကူညီ လုပ်အားပေးခဲ့ဖူးပါတယ်။ အရင်အကြိမ်တွေတုန်းက တိုက်ပွဲတွေ ဝုန်းဒိုင်းကြဲ ဖြစ်မနေခဲ့တော့ အတော်လေး ဘေးကင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်ကအတော့်ကို ခြားနားသွားပြီးအန္တရာယ်များလွန်းတဲ့အချိန်တချို့နဲ့ကြုံတွေ့ခဲ့ရတယ်”လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်အတွင်း ကျွန်တော် အဲဒီမှာ ရှိနေချိန်မှာပဲ အခြေအနေတွေက အရှိန်တက်လာတယ်။ တစ်ညကျတော့၊ ညသန်းခေါင် အချိန်လောက်မှာ ဆိုပါတော့။ စခန်းနားမှာ အနိမ့်ပျံလာတဲ့ ဂျက်လေယာဉ်တွေရဲ့ ကျယ်ကျယ်လောင်လောင် အသံကြောင့် ကျွန်တော် လန့်နိုးသွားတယ်။ ကျွန်တော်နဲ့ အတူနေတဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော်တို့ အမြန်ဆုံး ထွက်သွားမှ ရမယ်လို့ လှမ်းပြောတယ်။ အဲဒီနောက် သူ့အိမ်နားက ဗုံးခိုကျင်းဆီကို ကျွန်တော်တို့ သွားကြတယ်။ အဲဒီထဲမှာ ရှိနေရင်း လေယာဉ်တွေက နှစ်နာရီ ဝန်းကျင်လောက် ပတ်ပျံနေတဲ့ အသံတွေကို နားထောင်နေခဲ့ရတယ်။ အဲဒီနောက် သူတို့က အရမ်းနီးနီးကပ်ကပ် နေရာတွေမှာ ဗုံးတွေ ကြဲချခဲ့တယ်”လို့ ဒီကလန်က ပြောပြပါတယ်။

“နာရီ နည်းနည်းလောက်ကြာပြီး အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ ကျွန်တော်တို့ ပြန်အိပ်ခဲ့ကြတယ်။ ဒါပေမဲ့ မနက်စောစော ၅ နာရီ ဝန်းကျင်လောက်မှာ နောက်ထပ် လေယာဉ်တစ်စီး ရောက်လာပြန်ရော။ ကျွန်တော်တို့လည်း ဗုံးခိုကျင်းဆီ ပြန်ပြေးရပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါ ဂျက်တိုက်လေယာဉ် မဟုတ်တော့ပါဘူး။ ကင်းထောက်လေယာဉ် တစ်စီးက စခန်းကို ဓာတ်ပုံ လာရိုက်တာပါ”လို့ လူငယ် ဆရာဝန်က သူကြုံတွေ့ခဲ့တာတွေအကြောင်း ရှင်းပြတယ်။

“အားလုံးက နောက်တစ်ညဆိုရင် ကျွန်တော်တို့ရဲ့ စခန်းကို အကြီးအကျယ် ဆော်တော့မယ်လို့ တွေးပြီး အားလုံး စိတ်ပူနေခဲ့ကြပါတယ်။ ဒါနဲ့ပဲ အားလုံးက တောထဲကိုသွားပြီး အဝတ်ပုခက်တွေ၊ ယာယီရွက်ဖျင်တဲတွေနဲ့ပဲ ညအိပ်ခဲ့ကြရတယ်။ ကျွန်တော်လည်း အကြီးတန်း ဆေးတပ်သား တစ်ယောက်နဲ့အတူ တောထဲမှာ ပုခက်ဆင်ပြီး စောင့်နေခဲ့ကြတယ်။ လေယာဉ် တစ်စီးတလေများ ရောက်လာမလား၊ မလာဘူးလား ဆိုတာကို ကျွန်တော်တို့ မသိနိုင်ဘူးလေ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။ အဲဒီက လူတွေဟာ ဒီလို အခြေအနေမျိုးမှာ နေ့စဉ်ဖြတ်သန်း ရှင်သန်နေကြရတာပါ။ စခန်းမှာ မနေရဲတော့လို့ သူတို့ခမျာ တောထဲဝင်ပြီး စောင့်နေကြရရှာပါတယ်”လို့လည်း ဒီကလန်က ဆက်ပြောပါတယ်။

နောက်တော့ ဒီကလန်တစ်ယောက် ဂေါ့စ်ဖော့သ်မှာရှိတဲ့ နေအိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ သူက ကြုံတွေ့ခဲ့တဲ့ ဇာတ်ကြောင်းတွေကို ပြန်ဝေမျှရင်း မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ကပ်ဘေးဒုက္ခတွေအပေါ် လူတွေ ပိုမို အာရုံစိုက်လာကြဖို့ မျှော်လင့်နေပါတယ်။ သူက အခုအခါမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပါဝင် ကူညီပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီနဲ့ လက်နက် တင်ပို့ရောင်းချမှုတွေ ပိတ်ပင်တာမျိုး အရေးယူတာတွေ လုပ်ဆောင်ကြဖို့ ဗြိတိန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ဆော်ဩ တောင်းဆိုထားပါတယ်။

“ဗုံးကြဲခံရတဲ့ နေရာတွေက အရပ်ဖက် ပစ်မှတ်တွေ အများကြီး ရှိနေတဲ့ ဧရိယာတွေပါ။ ဘုရားကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေ အပါအဝင်ပေါ့။ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်”လို့ သူက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ