▪︎RSF စာရင်းအရ ကမ္ဘာပေါ်တွင် သတင်းထောက်ဒုတိယအများဆုံးအဖမ်းခံရသောနိုင်ငံဖြစ်
အာဏာသိမ်းစစ်ကောင်စီကဒီဇင်ဘာလအတွင်း သတင်းထောက်တစ်ဦးကိုထပ်မံကိုဖမ်းဆီးခဲ့ပြီး ၊ သတင်းထောက် ၇ ဦးကို ထပ်တိုးထောင်ဒဏ်ချမှတ်၍ သတင်းသမားများအပေါ်ဖိနှိပ်မှုထပ်တိုးလုပ်ဆောင်ခဲ့သည်။
ဒီဇင်ဘာ ၂၅ရက်တွင် ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဇေယျကို ပဲခူးတိုင်း ကြိုပင်ကောက်နယ်ရှိ ရွာတစ်ရွာ၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ ကမ္ဘောဇတိုင်းမ် သတင်းဌာနကို ၂၀၂၁ ခုနှစ်တွင် လိုင်စင်ပိတ်သိမ်းကာသတင်းသမားလေးဦးကိုဖမ်းဆီးထောင်ချခဲ့သည်။ထိုကြောင့် ကိုကျော်ဇေယျမှာ တိမ်းရှောင်နေရာ ၎င်းနေထိုင်ရာအိမ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၆ရက်တွင်လည်း လွတ်ရက် စေ့ခါနီး ပြီဖြစ်သည့် ကမာရွတ် မီဒီယာပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို နောက်ထပ် ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့သည်။ကိုဟန်သာညိန်းကို မတရားဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ထားရာ လွတ်ရန် လပိုင်းအလိုတွင် အီလက်ထရောနစ် ပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။ပုဒ်မ ၅၀၅(က)သည်အာဏာသိမ်းပြီးနောက် သတင်းသမားများကိုဖိနှိပ်ရန် စစ်ကောင်စီကလိုသလိုရေးဆွဲ ပြဌာန်းထားသော ဥပဒေပုဒ်မဖြစ်ပြီး သတင်းအမှားမျှဝေမှု ဟုစစ်ကောင်စီကအဓိပ္ပါယ်ဖွင့်သည်။
ထိုအပြင်စစ်ကောင်စီသည် ဒီဇင်ဘာလအတွင်း၌ပင် သတင်းထောက် ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း ၊ ကိုဝေလင်းယု၊ မထက်ထက်အောင်၊ ကိုစိုးရာဇာထွန်းနှင့် ဦးစည်သူအောင်မြင့်တို့ကို မတရားအမှုဆင်ထားသည့် ပုဒ်မများဖြင့် ထောင်ဒဏ်များထပ်တိုး ချမှတ်ခဲ့သည်။
ဒီဇင်ဘာ၉ ရက်တွင်သတင်းစာဆရာဦးစည်သူအောင်မြင့်ကိုရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နှင့် ထောင်ဒဏ် ၇နှစ် ထပ်မံချမှတ်ခဲ့သည်။ထိုကြောင့် ဦးစည်သူအောင်မြင့်မှာစုစုပေါင်း ထောင်ဒဏ် ၁၂နှစ်ချမှတ်ခံထားရသည်။
ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။
အလားတူ ဒီဇင်ဘာ ၁၆ ရက်တွင်ပင်သင်္ဃန်းကျွန်းပို့စ်မီဒီယာမှ အယ်ဒီတာချုပ်ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာမထက်ထက်အောင်တို့ကိုပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီချခဲ့သည်။
ထိုအပြင် ဒီဇင်ဘာ ၂၁ ရက်တွင် MPA(MyanmarPressphoto Agency )သတင်းထောက် ကိုကောင်းဆက်လင်း နှင့် မမှူးရတနာခက်မို့မို့ထွန်း တို့ကိုလည်းပုဒ်မ ၅၀၅-ကဖြင့်ထောင်ဒဏ် ၃ နှစ်စီချခဲ့သည်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ ထုတ်ပြန်ထားသောအချက်အလက်များအရ ဒီဇင်ဘာ ၁၄ ရက်အထိမြန်မာသတင်းထောက် ၆၂ ဦး( ၂ ဦးထပ်တိုးလာပြီးဒီဇင်ဘာ လကုန်ပိုင်းတွင် ၆၄ ဦးဖြစ်လာ)ဖမ်းဆီးထောင်ချခံထားရပြီး ကမ္ဘာ့ပေါ်တွင် တရုတ်ပြီးလျှင် သတင်းထောက်ဒုတိယအများဆုံးထောင်ချခံရသောနိုင်ငံဖြစ်သည်။တရုတ်နိုင်ငံတွင်သတင်းထောက်၉၉ ဦးဖမ်းဆီးထောင်ချခံထားရသည်။ မြန်မာပြီးလျှင်အီရန်နိုင်ငံက ၄၇ ဦးဖြင့်တတိယအများဆုံးဖြစ်သည်။ ထို့အပြင် RSF ၏ သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၈၀ တွင် သတင်း သတင်းစာလွတ်လပ်ခွင့်မရှိသောအဆိုးဆုံး ၅ နိုင်ငံမြောက်နိုင်ငံဖြစ်သည်။
စစ်အုပ်စုက သတင်းထောက်များကို အကြမ်းဖက်မှု ၊နိုင်ငံတော်အကြည်ညိုဖျက်စေမှုနှင့် လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်ဝေမှု ၊ အကြမ်းဖက်မှု စသည့် ပုဒ်မ များဖြင့်စွပ်စွဲတရားစွဲဆိုထောင်ချခံနေရခြင်းဖြစ်သည်။
“မြန်မာစစ်အာဏာပိုင်တွေကသတင်းထောက်တွေကိုအဆုံးမဲ့ဖမ်းဆီးတာနဲ့ ဆက်တိုက်ထောင်သွင်းအကျဥ်းချနေတာက အတော်စိတ်ပျက်စရာကောင်းပါတယ်”ဟု ဟု RSF ၏ အာရှ-ပစိဖိတ်ရေးရာဌာန အကြီးအကဲ Daniel Bastard က ပြောသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက် သတင်းထောက်များဖမ်းဆီးထောင်ချခံရမှုမှာ ၁၄၅ ဦးရှိခဲ့သည်။ထိုထဲမှ ၈၀ ကျော်သာပြန်လည်လွတ်မြောက်လာသေးသည်။