ငဖဲမြို့နယ် ကပစ(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံကိုလည်း ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း သရက်မြို့ရှိ စစ်ကောင်စီလက်နက်ခဲယမ်းထုတ်လုပ်ရေးစက်ရုံ ကပစ(၁၂)သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDFတပ်ရင်း (၄) Eagle Forceက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၉)နံနက်အစောပိုင်း ၃နာရီခန့်က ကပစ (၁၂)ဝန်းအတွင်းသို့ ရှော့တိုက်ဒုံးနှစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း တစ်လုံးမှာ ချို့ယွင်းပြီး တစ်လုံးသာပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ကပစ (၁၂)ကိုပစ်တာမှာတော့ ပစ်မှတ်ကိုချိန်တဲ့အတိုင်းပဲ ကပစဝင်းထဲကိုကျသွားတယ်။ ပစ်မှတ်တွေကတော့ အဲဒီဝန်းထဲက လက်နက်ထုတ်ရုံလို့ယူဆတဲ့ ရုံတွေကိုပဲ ပစ်မှတ်ထားပြီး ပစ်ခဲ့ပါတယ်”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ၎င်းစစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က သရက်မြို့နယ် ရေမျက်ကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။
အလားတူ ယနေ့နံနက်အစောပိုင်းက မကွေးတိုင်း ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ ကပစ (၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံအား People Revolution Allance(PRA-Magway)က ရှော့တိုက်ဒုံးနှစ်လုံး၊ RPG တစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။


















































