Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့် MDY-PDF ၆ နာရီကျော်ကြာတိုက်ပွဲစစ်သား ၂၅ ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံး

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

(မန္တ​လေးPDFကသိမ်းဆည်းနိုင်ခဲ့သော စစ်ကောင်စီဘက်က ခဲယမ်းမီးကျောက်များ။ဓာတ်ပုံ-MDY-PDF)
(မန္တ​လေးPDFကသိမ်းဆည်းနိုင်ခဲ့သော စစ်ကောင်စီဘက်က ခဲယမ်းမီးကျောက်များ။ဓာတ်ပုံ-MDY-PDF)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်နှင့်ဝေဟင်ကတပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ယမန်နေ့​ (ဖေဖော်ဝါရီလ ၁၀ ရက်နေ့)နံနက် ၆ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီ၏ တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ကြောင်း MDY-PDFက အသိပေးသည်။

မြေပြင်တိုက်ပွဲများ ဖြစ်ပွါးရုံတင်မက စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များဖြင့်ပါ ၃ ကြိမ်တိုင် လေကြောင်းပစ်ကူကာထိုးစစ်ဆင်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော်များသည် လူ၊ လက်နက် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကိုတည်ငြိမ်စွာ ခုခံတိုက်ခိုက်ခဲ့ပြီး ခဲယမ်းမီးကျောက်များစွာ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ပြီးထိခိုက်ဒဏ်ရာရသူ များပြားကြောင်း၊ တိုက်ပွဲချိန် (၆) နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်က ကိုယ်ပိုင်အမှတ် (P1-1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1-1202-159) ရဲဘော် ဖိုးဝ တို့ ကျဆုံးခဲ့ကြောင်း MDY-က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ “လောလောဆယ်တော့ အသေးစိတ်ထုတ်ပြန်ဖို့ မရှိသေးပါဘူးဗျာ။ နောင်ချိုမြို့နယ် ပြင်ဦးလွင် မိုးကုတ်လမ်းပိုင်းမှာလောက်ပဲပြောလို့ရပါဦးမယ်ဗျ။ နောက်ကျရင် အသေးစိတ် ထုတ်ပြန်ပေးပါ့မယ်ဗျ။”ဟု MDY-PDFက ပြန်လည်ဖြေကြားသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအားPeople’s Springကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားသော ရဲဘော်ရဲဘက်များကို ဦးညွှတ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်းကတိပြုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စစ်ကောင်စီ၏ တပ်မ (၁၀၁)လက်အောက်ခံ ခလရ(၂၅၃) ၊ စကခ(၁)လက်အောက်ခံ ခမရ(၅၀၂) နှင့် ခမရ(၅၀၅) တပ်ရင်းများဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်က (၂၀)ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့သည်။

​ထို့အပြင် သြဂုတ်လ (၂၉) ရက်နေ့ ညနေ(၆)နာရီခန့်ကလည်း စစ်ကောင်စီတပ်ကို မိုင်းဆွဲကာထပ်မံတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ စကစတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့ပြီး (၁၉)ယောက်ကျော်ခန့် သေဆုံး၍ အပြင်းအထန် ဒဏ်ရာရရှိသူ(၄၀)ခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

အလားတူ သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင်လည်း စကစစစ်ကြောင်းအား ထပ်မံမိုင်းဆွဲခဲ့ပြီး စကစ တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။