KNU တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ယနေ့မွန်းလွဲပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဝေါ်လေ ဖလူး လမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ (၅၈၅)တပ်ရင်း၊ စကခ(၁၃) ထုတ်နုတ်အဖွဲ့၏ ယာဉ်သုံးစီးသည် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကော်ဘရာစစ်ကြောင်း တာဝန်ယူထားသည့် ဖလူးဝေါ်လေလမ်းမကနေ ဖြတ်သန်းသွားရာ (၁၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ယင်းတိုက်ပွဲ၌ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကားပေါ်ကနေ ပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်သော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းတော့ မရှိသေးပေ။
