ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ရန်စီစဥ်ခဲ့သော Super Light Logistics ၏Annual Staffs Party အမည်ဖြင့် ဂီတဖျော်ဖြေပွဲပြုလုပ်မည့်အစီအစဥ်မှာပျက်သွားကြောင်း သတင်းရရှိသည်။
အဆိုပါပွဲကို မတ်လ ၁၇ ရက်ညတွင် ထိုင်းနယ်စပ်မြို့မဲဆောက် ရှိCentral ဟိုတယ် Lawn Area (Outdoor) ၌ ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး စည်သူလွင်၊ ဇွဲပြည့်၊ နိုင်းဝမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်နှင့် 90’s Born Band တို့ပါဝင်ဖျော်ဖြေမည်ဟု ကြေညာခဲ့သည်။ သို့သော် ယမန်နေညက အဆိုပါ ပွဲမပြုလုပ်ဘဲ ပွဲပျက်သွားကြောင်းဒေသခံများကပြောသည်။
ပြည်သူများကြားဝေဖန်ပစ်တင်မှုများစွာရှိခဲသော ဂီတပွဲပျက်သွားခြင်းအပေါ် “အိမ့်ချစ်နဲ့တောင်မတွေ့လိုက်ရဘူး။ စားစရာပေးမို့ပါဆိုရှိူးပွဲပျက်သွားပြီ”ဟု ဒေသခံတစ်ဦးကနောက်ပြောင်တင်ထားသည်။
မည်သည့်အတွက်ကြောင့် ပွဲကိုဖျက်သိမ်းလိုက်ခြင်းအပေါ် စီစဥ်ခဲ့သော Super Light Logistics ကလည်းကြေညာအသိ့ပေးခြင်းမရှိသလို ပါဝင်ဖျော်ဖြေရန်စီစဥ်ခဲ့သော အနုပညာရှင်များကလည်း အသိပေးခြင်းမရှိကြပေ။

Public Service Announcement
သို့သော်ကရင်ပြည်နယ်သတင်းများ၊နယ်စပ်ဒေသသတင်းများ၊ CDM သတင်းများကိုမကြာခဏသတင်းဦးဖော်ပြပေးနေသော Salween Press သတင်းဌာနက “ထိုင်းနိုင်ငံ မဲဆောက်မြို့ Central ဟိုတယ် ၌ မတ်လ၁၇ ရက်နေ့တွင်ကျင်းပမဲ့ ဖျော်ဖြေရေးပွဲပျက်သွားကြောင်းစုံစမ်းသိရှိရသည်။အဆိုပါဖျော်ဖြေရေးပွဲအတွက် အခန်းငှားခအပါအဝင် စရန်ငွေ ၈၀% ပေးချေထားပြီးမှ ဖျော်ဖြေပွဲကိုဖျက်လိုက်တာလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တဦးကဆိုသည်။”ဟု ရေးသားဖော်ပြထားသည်။
အဆိုပါပွဲပြုလုပ်မည့်အကြောင်းကို Aung Toe -Travelin Bamar က တင်ခဲ့ရာ စစ်ကောင်စီကြောင့် ရှောင်တိမ်းနေရသည့် ပြည်သူအများအပြားရှိသော မဲဆောက်၌ ပွဲပြုလုပ်မည့်အပေါ် ပြည်သူများက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။
ထို့အပြင်အဆိုတော် အိမ့်ချစ်ကို ပရိသတ်တစ်ဦးက ယင်းပွဲတွင် ပါဝင်သီဆိုသည့်အပေါ် “စားစရာမရှိတော့လို့လား ၊ ဒါမှမဟုတ် ပျော်စရာတွေ သိပ်ကောင်းနေလို့လား၊ ဘယ်လိုစိတ်ဓာတ်နဲ့လဲရှင့်၊ ချစ်ခဲ့သမျှ အော့နှလုံးနာရပါတယ်” ဟု မှတ်ချက်ရေးခဲ့ရာ အိမ့်ချစ်က “ဟုတ်တယ် စားစရာမရှိတော့လို့ ညီမတင်ကျွေးထားမလား၊ ဒါဆိုမဆိုဘူးလေ ” ဟု တုန့်ပြန်ထားသည့် Screen Shot ဖေ့စ်ဘွတ်ခ်၌ ပြန့်နှံ့ခဲ့ပြီး အိမ့်ချစ်၏ တုန့်ပြန်မှုအပေါ် ဝေဖန်သူများပြားခဲ့သည်။
လက်ရှိအချိန်တွင် အဆိုတော် အိမ့်ချစ်က ၎င်း၏ အကောင့်ကို ပရိုဖိုင်ပိတ်၍ ထားရသည်အထိ ဝေဖန်မှုကြုံနေသည်။
ထို့အတူပါဝင်သည့် အဆိုတော်များကို လည်း သပိတ်မှာက်ရန်(Boycott ပြုလုပ်ရန် )ပြည်သူများကတိုက်တွန်းပြောကြားနေကြသည်။
ယင်းပွဲတွင် ပါဝင်သီဆိုမည့် နီနီခင်ဇော်သည် အာဏာသိမ်းကာလတွင် ကမ်းခြေ၌ သီချင်းများသီဆို၍ ယူကျူ့၌တင်ခဲ့သည့်အပေါ် ဝေဖန်မှူများခံခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီအတွက် ဂုဏ်ပြုသီချင်းများ သီဆိုပေးထားကြောင့် သတင်းထွက်ပေါ်နေ၍ ပြည်သူများ၏ ဝေဖန်ပြစ်တင်မှုများခံနေရ သည်။
ထို့အတူ ဇွဲပြည့်သည် တရုတ်နှစ်ကူးပွဲတော် ဖွင့်ပွဲတွင် အဆိုတော် ချစ်ကောင်း နှင့်အတူ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကို ရယ်မော၍ လက်ဆွဲနှုတ်ဆက်သည့် ဓာတ်ပုံများထွက်ပေါ်ခဲ့ဖူးသည်။
















































