ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနှင့်ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာသို့ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီယာဉ်တန်းများ ချင်းတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုခံနေရကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ဒေသခံတို့က အသိပေးထားသည်။
မတ်လအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့မှ ကလေး- ဖလမ်း- ဟားခါးသို့ ဦးတည်လာသည့် တင့်ကား နှစ်စီးပါယာဉ်တန်း နှင့် ပခုက္ကူ – ကျောက်ထု- မင်းတပ် -မတူပီသို့ ဦးတည်သည့် စစ်ယာဉ်တန်းသည် လက်ရှိအချိန်တွင် လမ်းခရီး၌ တိုက်ခိုက်မှု ကြုံနေရခြင်းဖြစ်ပြီး သေဆုံးထိခိုက်မှုများရှိနေသည်။
မတ်လ ၇ရက်တွင် ကလေးမြို့မှ ထွက်လာသည့် စစ်ယာဉ်တန်းသည် ယခုအချိန်ထိ ဖလမ်းမြို့အထိမရောက်သေးကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အခုက ကျွန်တော်တို့ နယ်မြေ ချင်းတောင်မှာတော့ စစ်ကြောင်းကြီး နှစ်ခုနဲ့ သူတို့က ဝင်လာနေပါတယ်။ အဓိကတော့ ကလေးကနေ ဟားခါးဗျူဟာ ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်း ပခုက္ကူကနေ မတူပီ ဗျူဟာနှစ်စဉ်နွေရာသီတို့ဆိုရင် လာနေကြအတိုင်းလာနေပါတယ်။ လက်နက်နဲ့ ရိက္ခာတွေ အဓိက တင်ဆောင်လာတယ်လို့ ကျနော်တို့က ထင်တယ်။ကလေးက တက်လာတဲ့ ယာဉ်တန်းနဲ့တော့ တိုက်ပွဲတွေဖြစ်နေပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

အဆိုပါ ယာဉ်တန်းသည် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့အစပ်သို့ ရောက်ရှိနေသည်ဟုဆိုသည်။
“အဲဒီ ခရီးလမ်းကတော့ သူတို့တော်တော်ကြာသွားပြီ။ သူတို့ စထွက်တာက ၇ရက်လောက်က စထွက်လာတာ အခု ၁၈ရက်နေ့ဆိုတော့ တော်တော်ကြာသွားပြီပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

အလားတူ ချင်းတောင်ပိုင်း၌လည်း စစ်ယာဉ်တန်းသည် ကျောက်ထုမှတဆင့် ချင်းပြည်ဘက်သို့ ဦးတည်၍ ယာဉ်တန်းများ ထွက်ခွာလျက်ရှိရာ (၁၈) မိုင်သာဝေးသည် ကျောက်ထု – မင်းတပ် လမ်းကို စစ်ယာဉ်တန်းများ တစ်ရက်ကျော်ကြာ ခရီးနှင်ခဲ့ရသည်ဟု ဆိုသည်။မတ်လ ၁၆ရက် နေ့လည်ပိုင်းက ထွက်ခွာလာသည့် ယာဉ် ၃၅စီးပါ ယာဉ်တန်းသည် မတ်လ ၁၇ရက်ညနေပိုင်းမှသာ မင်းတပ် (၂၇၄) တပ်သို့ ရောက်ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။
“သူတို့ ကျောက်ထုကနေ ဒီဘက်(ချင်းတောင်) ဘက် တက်မလာခင် မင်းတက်မြို့ယ်နယ်ကို သူတို့ လေယာဉ် ၅စီးနဲ့ အရင်ဗုံးကြဲတယ်။ သူတိ့ လယယာဉ်တန်းလုံခြုံရေးအတွက် ဖြစ်မှာပေါ့” ဟု ယာဉ်တန်းများ မင်းတပ်သို့ မလာမီ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကို ဆလိုင်းထက်နီကပြောသည်။ ထို့ပြင် မင်းတပ် ခလရ (၂၇၄)တပ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ယာဉ်တန်းများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ သတိရှိရှိဖြင့် နေထိုင်ကြရန် ချင်းတပ်ဖွဲ့က အသိပေးထားသည်။ မင်းတပ် – မတူပီ လမ်းကို သွားလာခြင်းမပြုရန် မတူပီ CDF နှင့် မင်းတပ် CDFက ထုတ်ပြန်ထားသည်။


















































