Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပူတာအို၌ KIAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

KIA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ သည်ဟု KIAက ဆိုသည်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မေလ ၁၂ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - AFP)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မေလ ၁၂ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - AFP)

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ၊ KIA တပ်မဟာ(၁)နယ်မြေတွင်လည်း တိုက်ပွဲဆက်တိုက်ဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

မတ်လ ၁၈ရက် နံနက်ပိုင်းက KIA အမှတ်(၁) တပ်မဟာအမှတ် (၇) တပ်ရင်းနယ်မြေဖြစ်သည့် ပူတာအိုမြို့နယ် တန်ဂျာဒေသ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ပူတာအိုလမ်းဆုံနှင့် တန်ဂျာအနီး စစ်ရေးလှုပ်ရှားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်က KIA တပ်စခန်းအနီး ရောက်ရှိလာ၍ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားပြီး နှစ်ဖက် ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။

ကချင်သတင်းဌာန Kachinwave၏ ဖော်ပြချက် တွင် KIA တပ်ရင်း(၇)နှင့် စစ်ကောင်စီတပ် ယမန်နေ့က ပူတာအိုမြို့နယ် ဆွမ်ပီယန်နှင့် လုံရှာယန်ရွာအကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အလောင်း ၁၃လောင်း တွေ့ရှိခဲ့သည်ဟု KIA သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည်။

KIA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ သည်ဟု KIAက ဆိုသည်။

ထို့အပြင် မြစ်ကြီးနား – ပူတာအိုလမ်းသို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီယာဉ်တန်းများကို KIAက မိုင်းဖြင့် တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောကြားထားသည်။

မတ်လ ၁၄ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာ၍ ဆွမ်ပရာဘွမ်ဒေသရှိ KIA တပ်ရင်း(၁၀)နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ကြောင်း KIAက အသိပေးထားသည်။