မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝမြောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာကာ ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၇၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်သည် မတ္တရာမြို့ဘက်မှ မြို့အနောက်ခြမ်း ရွာတော်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ယမန်နေ့(မတ်လ ၂၂ ရက်) နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ပိုဝရွာမြောက်ပိုင်းသို့ ဦးတည် ခြေလျင်စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းတစ်လျှောက်တွင် လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ပိုဝမြောက်ရွာတွင် ရောက်ရှိပြီးနောက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအား စတင်မီးရှို့ ဖျက်ဆီးခဲ့ရာ မွန်းလွဲ ၁နာရီခွဲခန့်အထိ ၄ နာရီကျော်ကြာ လောင်ကျွမ်းခဲ့ကြောင်း၊ ပိုဝမြောက်ရွာသည် အိမ်ခြေ ၃၇၀ကျော်ရှိပြီး ၇၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်သည် ပိုဝကျေးရွာသို့ စစ်ကြောင်း နှစ်ခုဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကြောင်း ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေးအင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိပေ။

“ပိုဝမြောက်ရွာ မီးရှို့တဲ့စကစအဖွဲ့က တောပုရွာဘုန်းကြီးကျောင်းထဲ ရောက်သွားတယ်။ ရွာထဲကျန်မကျန်တော့မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပိုဝကျေးရွာသည် ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ်က စာသင်ဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်းကျေးရွာများအား မတ်လ ၁၃ရက်မှစတင်ကာ ကျေးရွာပေါင်း ၁၁ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေပေါင်း ၂၁၀ကျော် မီးလောင်ပျက်စီးခဲ့ကာ ပြည်သူခုနစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ထုတ်ပြန်ထားသည်။
