▪︎ကရင်နီပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး
▪︎ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲဖော်ဆောင်နိုင်ရန် ပြည်တွင်းပြည်ပမှပြည်သူများ အကူအညီပေးရန် KNDFတောင်းဆို
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းရှိဒေါတမကြီး ကျေးရွာတိုက်ပွဲတွင် လေးရက်အတွင်းစစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ၉၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကယနေ့ထုတ်ပြန်လိုက်သည်။
ထိုအပြင် လက်နက်မျိုးစုံ( ၄၀)ကျော်နှင့် ခဲယမ်းများစွာသိမ်းဆည်းနိုင်ခဲ့ကြောင်းလည်းဖော်ပြထားသည်။
ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်းလည်းအသိပေးထားသည်။

“စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် မိမိတို့ KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဥ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်သည်”ဟုလည်းဖော်ပြထားသည်။
မတ်လ (၉) ရက်နေ့မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။ထိုကြောင့်စစ်တပ်စစ်ကြောင်း ၃ကြောင်းသည် ၄ ရက်တာတိုက်ပွဲအတွင်း အင်အားထက်ဝက်ခန့် သေဆုံး၊ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်များလည်းရှိပြီး ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေး ရွာများအတွင်း တပ်စွဲကာ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေဆဲဖြစ်သည်။
လက်ရှိ ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်း မီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ ပြည်သူများအနေဖြင့် အလေးနက်ထား အကူအညီပေးရန် KNDF မှတောင်းဆိုသည်။
