စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ စက်မှုဇုန်အနီးတွင် လျှပ်စစ်မီတာခလိုက်လံကောက်ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Buffalo Soldiers Freedom Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မတ်လ ၂၄ ရက်) မွန်းလွဲပိုင်းက ရွှေဘိုလေ့ကျင့်ရေး (၈)မှ Center တစ်စီး၊ Mark 2 တစ်စီး၊ Pardo တစ်စီးတို့ဖြင့် ထွက်လာသောအင်အား ၂၀ ခန့်ပါစစ်ကောင်စီတပ်သည် မြောင်းကြီးကျေးရွာသို့ မီတာခလိုက်လံကောက်ခံရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စက်မှုဇုန်နားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force အဖွဲ့က ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိသည်ဟုဆိုသည်။
“ရှေ့ထွက်မိုင်း ၆လုံး တစ်ပါဆယ်ချပြီးခွဲတာ။ ဒီကောင်တွေက မိုင်းထုပ်တစ်ထုပ်ကို မြင်တော့ နှစ်ကောင်က ပြေးလာတာ။ ပြေးလာတဲ့နှစ်ကောင်ကို အရင်ခွဲပြီး နောက်တစ်ပွိုင့်မှာ မိုင်းနားလေးမှာ ကားလာရပ်တော့ ထပ်နှိပ်လိုက်တာ။”ဟု Buffalo Soldiers Freedom Force က ဗိုလ်ကျွဲကြီးက ပြောသည်။

Public Service Announcement
မိုင်းဆွဲတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force နှင့် SBDF စခန်းခွဲ (၂)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်မုခ်ဦးအနီးရှိ စစ်ကောင်စီ၏ ဘီးခွန်ကောက်ခံရေးဂိတ်ကို Buffalo Soldiers Freedom Force အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးခဲ့သေးသည်။


















































