ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစု (PRF)အစီအစဉ်မှရရှိသော အမေရိကန်ဒေါ်လာ ၉သန်းကျော်အနက် ၇၅ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာထောက်ပံ့ငွေအဖြစ်သုံးစွဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်တစ်ခုဖြစ်သည့် PRF အစီအစဉ် ၁၅လ ကြာကာလအတွင်း ဘဏ္ဍာငွေ ၉ ဒသမ ၄သန်းကျော်ရရှိခဲ့သည်ဟု ဖော်ပြသည်။
ယနေ့ထက်တိုင်လစဉ်မပျက် ထည့်ဝင်ပေးခဲ့ကြသော ထောက်ပို့ မိသားစုရဲဘော်များ ၊ Fundraiserများ နှင့် OFPအဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အသိပေးသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစုအစီအစဉ်မှရရှိသည့် ဘဏ္ဍာငွေများကို စနစ်တကျလက်ခံ၍ တပ်ရင်းများ၏ ရိက္ခာဖူလုံရေးကိစ္စရပ်များတွင် အဓိက အသုံးပြုနေပြီး လစဉ်အသုံးပြုနေ မှုများကို သင့်တော်သလို သတင်းထုတ်ပြန်သွားမည် ဟုလည်း ဖော်ပြသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့နံနက်ကလည်း လေကြောင်းရန်ကာကွယ်ရေး ကဏ္ဍအတွက်ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်ဖြစ်သော Project Dragon Fly မှ အမေရိကန်ဒေါ်လာ ၂သန်းကျော်ရရှိခဲ့ပြီး ယင်းအနက် ၈သိန်းကို လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက်အသုံးပြုရန် လျာထား သုံးစွဲခဲ့ပြီး ကျန်ငွေများကိုလေကြောင်း ရန်ကာကွယ်ရေးကဏ္ဍအတွက် ဒေါ်လာ ၁ ဒသမ ၄သန်း လျာထား သုံးစွဲ လျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
“PRF မိသားစုအစီအစဉ်ဟာ မြေပြင်မှာ အသက်တွေ၊ဘဝတွေကို ရင်းပြီးတော့ တိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် တကယ်ကို ကျေးဇူးကြီးကြီးမားမားပြုပါလိမ့်မယ်”ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PRF မိသားစု အစီအစဉ် အကောင်အထည်စတင်ဖော်ဆောင်ချိန် ၂၀၂၁ ဒီဇင်ဘာက ပြောကြားထားသည်။
