Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ် စေရဟု ယာယီသမ္မတထုတ်ပြန်

ယနေ့ (ဧပြီ ၁၁ရက်) နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှလေကြောင်းမှ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ဒေသခံပြည်သူများစွာ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ရသည်။

​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

▪️တော်လှန်ရေးစိတ်ဓာတ် ယိမ်းယိုင်မည်မဟုတ်၊ ပို၍ အားထုတ်တိုက်ပွဲဝင်ရန်တွန်းအားဖြစ်ဟု အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကထုတ်ပြန်ခဲ့ပြီး ကြေကွဲစရာ ဆုံးရှုံးမှုများအတွက် အလဟဿ မဖြစ်စေရဟု ဖော်ပြခဲ့သည်။

ယနေ့ (ဧပြီ ၁၁ရက်) နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှလေကြောင်းမှ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ဒေသခံပြည်သူများစွာ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ရသည်။

“အသက်ဆုံးရှုံးသွားကြရသူတွေရဲ့မိသားစုဝင်များနဲ့အတူ ကျွန်တော်တို့အားလုံး အင်မတန် ထိခိုက် ကြေကွဲ ဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော် ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူး လွန်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်း ယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အား ထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူး ဟုလည်း ယာယီသမ္မတက အလေးအနက် ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

“အခုလိုရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တနေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဆက်လက်ပြီး ပိုမိုအားထုတ်ကြိုး ပမ်းသွားပါ့မယ်ဆိုတာ ပြည်သူများကိုပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ထုတ်ပြန်ခဲ့သည်။

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ရာ အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း နှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသားတည်း အတူတကွရှိနေကြောင်း ဖော်ပြခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသကဲ့သို့ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်သည်ဟုဆိုသည်။

ယခု အကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည် စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မှတ်ယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာ ရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ကတိပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။