စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအပါအဝင် ရွာသုံးရွာမှ နေအိမ် ငါးရာခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် ပဇီကြီးရွာအား ဗုံးကျဲပြီး ၉ ရက်အကြာ ဧပြီလ ၂၀ ရက်နံနက်မှစ၍ပဇီကြီးရွာနှင့် ပတ်၀န်းကျင်သို့စစ်ကြောင်းထိုးလာခဲ့ခြင်းသည်။ စစ်ကြောင်းထိုးလာပြီး
ဧပြီလ ၂၀ရက်မှ ဧပြီလ ၂၅ရက်အတွင်း ပဇီကြီးရွာ၊လေးတွင်းစင်ရွာနှင့် ချောင်းသာရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ကပဇီကြီးရွာမှနေအိမ် ၂၀၀ကျော်၊ လေးတွင်းစင်ရွာမှာ နေအိမ် ၂၅၀ခန့် နှင့် ချောင်းသာရွာမှ နေအိမ် ၃၀ ခန့်အားမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

“ပဇီကြီးကိုလေကြောင်းကနေလာပစ်ပြီးမြေပြင်စစ်ကြောင်းက မီးရှို့တာ။လေးတွင်းစင်နဲ့ ချောင်းသာရွာကိုကြတော့ ရွာနားမှာတိုက်ပွဲဖြစ်ပြီးတဲ့အချိန် ဝင်ရှို့တာ။ လေးတွင်းစင်ဆို ရွာလုံးကျွတ်နိုင်တယ်”ဟု ဘေးလွတ်ရာတိမ်းရှောင်နေရသော ဒေသခံတစ်ဦးကပြောသည်။
ပဇီကြီး၊လေးတွင်းစင်၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းဒေသခံများကပြောသည်။သို့သော် စစ်တပ်စစ်ကြောင်းနှင့် တိုး၍ အဖမ်းခံလိုက်ရသော ဒေသခံပြည်သူအချို့လည်း ရှိသည်။
စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲပြီး ၊တိုက်ခိုက်ရေ ရဟတ်ယာဉ်Mi-35ဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ဧပြီလ၂၀ရက်နံနက်မှစ၍ ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို စစ်တပ်က မြေပြင်မှ စစ်ကြောင်းထိုးပြီး နေ့ခင်းပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးထပ်မံကြဲချခဲ့သည်။

ဧပြီ ၂၂ ရက်တွင် လေးတွင်းစင်နှင့်ချောင်းသာရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားသခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။
ဧပြီ ၂၅ ရက်တွင်လည်း ချောင်းသာရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။ချောင်းသာရွာအနီးတိုက်ပွဲဖြစ်ခဲ့သော အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၆) နံနက်တွင် မြေမွန်ရွာအနောက်ဘက်ကို စစ်ကြောင်းထိုးနေကြောင်း လည်းဒေသခံများကပြောသည်။


















































