PDF၂ နှစ်တာကာလအတွင်း တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းထားနိုင်
နိုင်ငံအနှံ့မှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို ၂ နှစ်တာကာလအတွင်း ဖွဲ့စည်းတည်ထောင်ထားနိုင်ပြီလို့ NUG အစိုးရ ယာယီသမ္မတက အသိပေးပါတယ်။ ဒီနေ့ မေလ ၅ ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းတည်ထောင်တာ ၂ နှစ် ပြည့်မြောက်တာပါ။ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ပြီဖြစ်သလို ရပ်ရွာအခြေပြုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တွေကို မြို့နယ် ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းထားနိုင်ပြီလို့ NUG က ကြေညာပါတယ်။ အဲဒီလို တပ်ရင်း၊ စစ်ကြောင်းနဲ့ ပ.က.ဖ တွေရဲ့တပ်ဖွဲ့ဝင်အင်အားစာရင်းကို NUG က ထုတ်မပြောပေမယ့် စစ်ကောင်စီထက် တိုက်ခိုက်ရေးအင်အားသာလွန်ပြီလို့ NUG ယာယီသမ္မတက ဒီနေ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

စစ်ဒေသအလိုက်ကွပ်ကဲမှုများ လေးစားလိုက်နာကြဖို့ PDFများကို ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဟာ နေရာအနှံ့မှာ ဖြန့်ကျက်ထားနိုင်ပြီး ဒီ၂၀၂၃ ဟာ အပြောင်းအလဲအဖြေကိုပေးမယ့် နှစ်တစ်နှစ် ဖြစ်တာကြောင့် စစ်ရေးရည်မှန်းချက်များ ပြည့်မီရေး စစ်ဒေသကြီးများအလိုက် ကွပ်ကဲမှုများကို လေးစားလိုက်နာကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရာ တိုက်တွန်းခဲ့ပြီး များမကြာမီ ကာလမှာပဲ ပြည်တော်ဝင်စစ်ချီပြီး အကြမ်းဖက် စစ်တပ်နဲ့ အာဏာရှင်စနစ်ဆိုးကို မြေလှန်ချေမှုန်းကြဖို့ ဝန်ကြီးချုပ်က နှိုးဆော်ပါတယ်။ စစ်သည်တော်စည်းကမ်းများကို အမြဲသတိရှိ လိုက်နာကြဖို့ PDFများကို ပြည်ထောင်စု ဝန်ကြီးချုပ်က မှာကြားပါတယ်။

ကုလလုံခြုံရေးကောင်စီထံမှ မြန်မာပြည်သူများ ဘာမျှော်လင့်နိုင်မလဲလို့ သံအမတ်ကြီး မေးခွန်းထုတ်
မြန်မာပြည်သူများရဲ့ အသက်ကို ကယ်တင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ဘာကိုမျှော်လင့်နိုင်မလဲလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကောင်စီအစည်းအဝေးမှာ မေးခွန်းထုတ်ပါတယ်။ မေလ ၃ ရက်မှာ ကျင်းပတဲ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်အောက်မှ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီးက မေးခွန်းထုတ်ခဲ့တာပါ။ မြန်မာပြည်သူများအသက် ထပ်မံမဆုံးရှုံးဖို့ ကာကွယ်ပေးမှုများကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။ စစ်တပ်ဟာ အပြစ်မဲ့ပြည်သူများကို လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် နိုင်ငံတကာရဲ့ အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဦးမှာ ကောင်စီကို အသိပေးပါတယ်။

Public Service Announcement

ရှမ်း-ကရင်နီဒေသအစပ် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိ
ရှမ်း-ကရင်နီဒေသအစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များကပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက စတင်ကာ ဖယ်ခုံ-ပင်လောင်း ဒေသကြားရှိ တောင်စလုံးကျေးရွာ တိုက်ပွဲမှာ စတင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပါ ရယူခဲ့တယ်လို့ သိိရပါတယ်။ စစ်ကောင်စီဘက်က ထိိုးစစ်ပြန်ဆင်လာလို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါဘူး။
ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ဟု KNU ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ KNUက ဒီကနေ့ ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ် နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ အသက်(၂၃)နှစ်အရွယ် စောလေးလေးထူး(ခ)ဝဏ္ဏကို စစ်ကောင်စီတပ်က နတ်သံကွင်း ဆေးရုံရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ အသက် (၄၀)နှစ်ရှိ စောအယ်မူးကို ဓာတ်ဆီလောင်း မီးရှို့နှိပ်စက်ခဲ့တဲ့အပြင် ကျင်ငယ်ရေနဲ့ပန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မူးမြို့နယ် သပြေညွှန့်ကျေးရွာမှ အသက် (၂၂)နှစ်အရွယ်ရှိ လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က တစ်လကြာဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
ထီးလင်းနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ခုနစ်ဦးခန့်သေဟု YRA ပြော
မကွေးတိုင်း ထီးလင်းမြို့နယ်ရှိ အောင်းမြောက်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများပူးပေါင်းပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)YRA-ထီးလင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်ထုမှထွက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းနဲ့ ရွှေအောင်သာအထိုင်တပ်မှ ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ ပူးပေါင်းစစ်ကြောင်းကို YRA-ထီးလင်းနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၈-YNRF ပူးပေါင်းတပ်မှ မနေ့ မနက်ပိုင်းက အနီးကပ်တိုက်ခိုက်ခဲ့တာလိို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ရာ ဂျက်ဖိုက်တာတစ်စင်းနဲ့ စစ်ကူပေးဖို့ ရောက်ရှိလာတာကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ YRA-ထီးလင်းက ပြောပါတယ်။
မီဒီယာလွတ်လပ်ခွင့်ကမ္ဘာ့အဆိုးဆုံးနိုင်ငံစာရင်း မြန်မာ အဆင့် ၇ မှာ ရပ်တည်
ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်းသတ်မှတ်ချက်မှာ စစ်တပ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ မှာ ရပ်တည်ခဲ့ပြီး အခြေအနေလွန်စွာဆိုးရွားတဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှရေတွက်ပါက မီဒီယာလွပ်လပ်ခွင့် ကမ္ဘ့ာအဆိုးရွားဆုံးနိုင်ငံ စာရင်းမှာ အဆင့် ၇ မှာ ရပ်တည်နေတာပါ။ အဆိုးဆုံး သုံးနိုင်ငံမှာ မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ သတင်းစာလွတ်လွပ်ခွင့်ဆီ ဦးတည်နေတဲ့ မခိုင်ခံသေးတဲ့အခြေအနေကို ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုက ဖျက်ဆီးပစ်လိုက်တယ်လို့ ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ညွှန်းကိန်းထုတ်ပြန်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RFS)က ဖော်ပြပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ တရုတ်က မြန်မာဘက်မှ ရပ်တည်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မပြောခဲ့
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမီဒီယာတွေ ဖော်ပြခဲ့တဲ့ နိုင်ငံတကာမျက်နှာစာမှာ တရုတ်ကမြန်မာဘက်မှရပ်တည်မှုကိုပြသတာဆိုတဲ့ စကားမျိုး တရုတ်နိုင်ငံခြားရေးဝန်ကြီးက မပြောခဲ့ဘူးလို့ တောင်တရုတ်နံနက်ခင်းပို့စ်(SCMP သတင်းဌာနက ဖော်ပြသွားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ အာဏာသိမ်းစစ်တပ်အပေါ် တရုတ်က တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ မယူဆသင့်ကြောင်း တရုတ်နိုင်ငံရေးသုတေသီတွေရဲ့အဆိုကိုလည်း SCMPက ထည့်သွင်း ကိုးကားပြခဲ့ပါတယ်။ နောက်ပြီး နေပြည်တော်မှာ ချင်ဂန်ပြောဆိုခဲ့တဲ့ စကားတွေကို SCMPက ကောက်နုတ်ပြခဲ့ပြီး စစ်ကောင်စီ မီဒီယာတွေ ဖော်ပြတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတာတွေကိုလည်း ထောက်ပြခဲ့ပါတယ်။


















































