ခေါင်းဆောင်သစ်များသည် ရန်သူ့နည်းဗျူဟာကို ကိုင်တွယ်ဖြေရှင်းရန်၊ ဥပဒေချိုးဖောက်သည့် KNU ခေါင်းဆောင်များကို အရေးယူရန်၊ ဒုစရိုက်စီးပွားရေးလုပ်ငန်းများချေမှုန်းရန် တာဝန်ခံရမည်ဟုဖော်ပြ
မကြာမီက ကျင်းပပြီးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်မှ KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ကိုယ်စားလှယ်များ နုတ်ထွက်လိုက်ခြင်းမှာ KNU၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းစဉ်များအောက်က ခွဲထွက်သွားခြင်းမဟုတ်ကြောင်း တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်အသိပေးသည်။
(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို တပ်မဟာ(၅) ကိုယ်စားလှယ်များတက်ရောက်ခဲ့သော်လည်း ဒုတိယစီးပွားရေးလုပ်ငန်းများတွင် KNU ခေါင်းဆောင်အချို့ ပါဝင်ပတ်သက်နေသည့်အရေးကိစ္စ ခေါင်းဆောင်သစ်ရွေးကောက်ပွဲမတိုင်ခင် ကိုယ်တွယ်ဖြေရှင်းခြင်း၊ အရေးယူခြင်းမရှိသည့်အချက်အပါအဝင် အချို့သော ကိစ္စရပ်များကြောင့် တပ်မဟာ(၅) ကိုယ်စားလှယ်များသည် (၁၇)ကြိမ်မြောက် ကွန်ဂရက်တွင် ပါဝင်ရွေးကောက်ခံခြင်းမပြုခဲ့ပေ။
ထိုသို့ နုတ်ထွက်လိုက်ခြင်း၏ အဓိကလိုလားချက်မှာ KNU အဖွဲ့အစည်း၏ အနာဂတ်ဦးဆောင်မှု ပိုမိုကောင်းမွန်ခိုင်ခံ့ရန်၊ လူထုတစ်ရပ်လုံး၏ ယုံကြည်ထောက်ခံမှုကိုရရှိရန် နှင့် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာရန်သာဖြစ်ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

ဒုစရိုက်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများသည် အဖွဲ့အစည်းတွင်း သဘောထား ကွဲလွဲမှုနှင့် ပြိုကွဲမှုဖြစ်ပေါ်စေရန် လူထုနှင့် KNU အား ရန်တိုက်ပေးရန်၊ သို့မဟုတ် KNU၏ နိုင်ငံရေးကို အဆုံးသတ်သွားစေရန် ပြုလုပ်နေသော ရန်သူ၏ နည်းဗျူဟာဖြစ်သည်ဟု ယုံကြည်ကြောင်း တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
ထို့ကြောင့် ယခု (၁၇)ကြိမ်မြောက် ကွန်ဂရက်မှ ရွေးကောက်လိုက်သည့် KNU ခေါင်းဆောင်သစ်များသည် ဤပြဿနာ အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်၊ KNU၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သော KNUခေါင်းဆောင်များကို အရေးယူရန်နှင့် ကော်သူးလေနယ်မြေအတွင်းရှိသည့် ဒုစရိုက်စီးပွားရေးလုပ်ငန်းများကို ဆန့်ကျင်ချေမှုန်းခြင်းမှ တဆင့် တရားဥပဒေ စိုးမိုးမှုကို အကောင်အထည်ဖော်ရန် တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။
ယခု ဖော်ပြချက်အတိုင်း KNU ဖာပွန်ရခိုင် တပ်မဟာ(၅)က ခိုင်မာစွာ ရပ်တည်သွားမည်ဟုလည်း အသိပေးခဲ့သည်။
KNU အဖွဲ့အစည်းနှင့် ကော်သူးလေနယ်မြေ အတွင်း တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် တက်စွမ်းသမျှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်ရေး ပန်းတိုင်သို့ မြန်ဆန်စွာ ရောက်ရှိနိုင်ရန်အတွက် အကြံဉာဏ်များ ပံ့ပိုးကူညီမှုများနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း KNU တပ်မဟာ(၅)က အသိပေးခဲ့သည်။

KNU တပ်မဟာ(၅)၏ ယခု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဗဟိုကော်မတီအစည်းအဝေး၌ ဆွေးနွေးရန်လိုအပ်ကြောင်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
“ အဲဒီအချိန်ကျမှပဲ ကျနော်တို့ ထုတ်ပြန်ချက် သို့မဟုတ် ပြန်လည် တင်ပြချက်တွေတော့ အဲဒီအချိန်ကျမှ လုပ်မယ်လို့ ကျနော် အဲဒီလိုပဲ နားလည်တယ်။”ဟု ပဒိုစောကလယ်စေးက ပြောသည်။
သို့ရာတွင် KNU ကွန်ဂရက်အပြီးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကြေညာချက် တစ်ရပ်ထုတ်ပြန်ပြီး ရာဇဝတ်မှုနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ စီမံကိန်းများနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း အသိပေးထားသည်။
KNU ခေါင်းဆောင်များ၏ ရာဇဝတ်မှု များနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ သို့ရာတွင် အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေး စုံစမ်းစစ်ဆေးရန် KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပြီး KNU မူဝါဒ၊ စည်းမျဉ်း ဥပဒေများအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
