တပ်ရင်းမှူးအပါအဝင် ၉ဦးထက်မနည်းသေဟု Federal Wings အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က မြ၀တီမြို့ တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟုတိုက်ပွဲဝင် ဒရုန်းတပ်ဖွဲ့ Federal Wings က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနှင့် ကနဲလေးစခန်းတို့ကို မေလ ၂၃ရက်မှစတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈)နှင့် Federal Wings Drone တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် ၏ ကနဲလေးစခန်းမှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ၉ဦးသေဆုံးကြောင်း စစ်မြေပြင်ရှိ KNDO တပ်ရင်း (၈)နှင့် Federal Wings ပူးပေါင်းအဖွဲ့၏ ဒရုန်းဦးစီးမှူး KNDOတပ်ရင်း (၈)အရာရှိထံ သတင်းရသည်ဟု ထုတ်ပြန်သည်။

ဝေါ်လေဗျူဟာကုန်းနှင့် မော်ခီးစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ထိခိုက်မှုများ ရှိသော်လည်း အထိအခိုက်စာရင်းအားအတည်မပြုနိုင်သေးဟုဆိုသည်။

Public Service Announcement
အဆိုပါ တိုက်ခိုက်မှုများအတွင်း ပူးပေါင်းတပ်ဖွဲ့များဖက်မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။
လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် Federal Wings ထံသို့ ယနေ့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။


တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
အဆိုပါဒေသ၌ ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ကလည်း မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်လအတွင်း စစ်ကောင်စီတပ်မှ ၁၁၀ဦးကျော် သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီဘက်က ၁၁ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာဒေသများ၌ တိုက်ပွဲနှင့်မသက်ဆိုင်သည့် အနီးအနားရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဒေသအသီးသီး၌လုပ်ဆောင်လျက်ရှိသည်။


















































