Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွေးနေ့ရှင်မပါဝင်နိုင်သည့်မွေးနေ့ပွဲအတွက်ဝမ်းနည်းစိတ်ဖြစ်ရကြောင်း ယာယီသမ္မတ ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီးစိတ်ထဲ အမြဲမှတ်မှတ်ရရရှိနေသည်မှာသူမ၏ကိုယ်ရည်ကိုယ်သွေဖြစ်ကြောင်းယာယီသမ္မတက ပြောသည်။

မွေးနေ့ရှင်မပါဝင်နိုင်သည့်မွေးနေ့ပွဲအတွက်ဝမ်းနည်းစိတ်ဖြစ်ရကြောင်း ယာယီသမ္မတ ပြော
မွေးနေ့ရှင်မပါဝင်နိုင်သည့်မွေးနေ့ပွဲအတွက်ဝမ်းနည်းစိတ်ဖြစ်ရကြောင်း ယာယီသမ္မတ ပြော

-“အကြမ်းဖက် စစ်ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ မဆင်း ဆင်းအောင် တွန်းချဖို့ အစဉ်အမြဲ ကြိုးစားနေပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ဇွန်လ ၁၉ရက်က ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အမှတ်တရစကား ပြောကြားခဲ့ပြီး မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲအခမ်းအနားအတွက်ဝမ်းနည်းစိတ် ဖြစ်နေရကြောင်း အသိပေးခဲ့သည်။

“ မွေးနေ့ပွဲ အခမ်းအနားမှာ မွေးနေ့ရှင် မပါဝင်နိုင်တဲ့အပြင် မွေးနေ့ရှင်ဟာ အချုပ်အနှောင်ဒဏ်ကို ခံနေရလို့ ကျွန်တော့်အနေနဲ့ ထိခိုက်ခံစားရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်ဟာ အသက်အရွယ် အပိုင်းအခြားအရ သိပ်မကွာလှပါဘူး။ ကျွန်တော်နဲ့ မျိုးဆက်အားဖြင့် အတူတူလို့ ပြောနိုင်ပါတယ်။ ဒီလိုအသက်အရွယ်အထိတိုင်းပြည်နဲ့ လူထုအတွက် စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်စွမ်းရည်ကို ကျွန်တော့်အနေနဲ့ လေးစားဦးညွှတ်မိကြောင်း ပြောချင်ပါတယ်” ဟု ယာယီသမ္မတကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီးစိတ်ထဲ အမြဲမှတ်မှတ်ရရရှိနေသည်မှာသူမ၏ကိုယ်ရည်ကိုယ်သွေဖြစ်ကြောင်းယာယီသမ္မတက ပြောသည်။

“လူထုခေါင်းဆောင်တစ်ယောက် အနေနဲ့ရော တိုင်းပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ စံပြု အတုယူထိုက်တာတွေ အမြောက်အမြား ရှိနေပါတယ်။ အဲသည်လို အမြောက်အမြား ရှိတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲနပဲကတော့ အင်မတန် အံ့ဩစရာကောင်းတယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စွန့်စားရဲတယ်၊ ဇွဲနပဲသိပ်အားကြီးတယ်။ လူထုလွတ်လပ်ခွင့်နဲ့ လူထုအကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစိုက်မတ်မတ် အနစ်နာခံမှုဟာ တော်ရုံဘယ်သူမှ မမှီနိုင်တဲ့ အဆင့်အတန်းမျိုးမှာရှိပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သတ္တိများကိုအမှတ်တရအနေဖြင့်သာထားရမည်မဟုတ်ဘဲ စံပြ အတုယူကြရမည်ဟု ဆက်​ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အဖြစ်ကို ရရှိခဲ့သလို၊ တိုင်းပြည်ကို ဦးစီးဦးဆောင် ပြုခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးအရ နည်းနာပိုင်း / မဟာဗျူဟာပိုင်းအတိမ်းအစောင်း အချွတ်အချော် ဖြစ်တာ ရှိကောင်း ရှိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထုအပေါ် စေတနာ မယုတ်လျော့ခဲ့ပါဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ ဖြတ်သန်းမှု တစ်လျှောက်လုံးက သက်သေခံနေပါတယ်။ လူထုအပေါ်မှာ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကောင်း စေတနာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်အရှား ပြယုဂ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ ထင်ကျန်ရစ်နေပါလိမ့်မယ်” ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိတွင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ကာယကံမြောက်အားဖြင့် တိုင်းပြည်နှင့် လူထုကို ရှေ့ဆောင်ရန် အခက်အခဲ ဖြစ်နေချိန် ရောက်နေသော်လည်း အတိတ်တွင် ဒေါ်အောင်ဆန်းစုကြည် လမ်းပြ သွန်သင်ဟောပြောခဲ့သည့် လမ်းညွှန်ချက်များစွာရှိကြောင်း ၎င်းက ဆိုသည်။

လူထုကို လမ်းညွှန်မှု၊ ပါတီအတွက် လမ်းညွှန်မှု၊ နိုင်ငံရေးလမ်းညွှန်မှုများ အချိန်ကာလ ကြာခဲ့သော်လည်း မပုတ်မသိုးဘဲ တည်ရှိနေသည့် လမ်းညွှန်ချက် အမြောက်အမြားရှိနေရာ ယင်းတို့ကို သတိရကြရမည်ဟု ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ဟာ ယခု နွေဦးတော်လှန်ရေးကို အားသွန် ခွန်စိုက် ဆင်နွှဲနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ် တစ်ခုတည်းကို ဗဟိုပြုနေတဲ့ လူထုတော်လှန်ရေးမဟုတ်ပါဘူး။ လူထုလမ်းစဉ်ကို အခြေပြုပြီး နိုင်ငံရေးအားဖြင့် တော်လှန်နေတဲ့ တော်လှန်ရေးကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် ဘဝနဲ့ ခန္ဓာကို မြှုပ်နှံပြီး နှစ်ပေါင်း (၃၀) ကျော်၊ (၄၀) နီးပါး လုံ့လထုတ် ကြိုးစားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ မဆင်း ဆင်းအောင် တွန်းချဖို့ အစဉ်အမြဲ ကြိုးစားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ကြိုးစားခြင်းဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုတရားမျှတမှုကို ငြင်းဖျက်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

လူထု လွတ်လပ်ခွင့်နှင့် လူထု တရားမျှတမှုအတွက် တိုက်ပွဲဝင်ခြင်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ဘဝကနေ လွတ်မြောက်ခြင်းနှင့် ထပ်တူပြုနိုင်ည်ဟုလည်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။