ထုတ်လုပ်ရေးနှင့် ဒရုန်းတပ်ဆင်ရေး လုပ်ငန်းများ အမြန်အကောင်အထည်ဖော်နိုင်ရန် ပြည်သူလူထု များ ပါဝင်အားဖြည့်ရန် မေတ္တာရပ်ခံ
ပြည်တွင်းနှင့်ကမ္ဘာအနှံ့မှ နည်းပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေးစီမံကိန်းအား ဆောင်ရွက်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေနှင့် စစ်ကိုင်းတိုင်းဒေသအချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁)နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် ထုတ်လုပ်အောင်မြင်မှုအခြေအနေအား ပြည်သူလူထုသို့ အစီရင်ခံတင်ပြလာခြင်းဖြစ်သည်။
Federal Wings သည် မိမိတို့တွင်ရှိထားသည့် ပေးထားချက်နှင့် အကန့်အသတ်ဘောင်များအတွင်းမှ ရနိုင်သမျှအကောင်းဆုံးရလဒ်များဖြစ်ထွန်းလာရန်အတွက် အစဉ်တစိုက် ကြိုးစားအားထုတ်လျက်ရှိကြောင်း၊ လက်ရှိတွင် နည်းပညာရှင် များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒရုန်းကိုယ်ထည် အား Composite နည်းပညာများဖြင့် Federal Wings၏ ထုတ်လုပ်ရေးတပ်ဖွဲ့များမှ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။
နည်းပညာဖွံ့ဖြိုးမှုအားကောင်းရန်အတွက် Research & Development (R&D) လုပ်ငန်းများအား Federal Wings မှ ကြိုးစားဆောင်ရွက်နိုင်သော်လည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ပြည်သူလူထု၏ ငွေကြေးထည့်ဝင်မှုကိုသာ အားကိုးအားထားပြုရမည်ဖြစ်ကြောင်း ဖော်ပြသည်။
Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက် Federal Wings နှင့် Cobra (Campaign)၊ Federal Wings နှင့် KNDF/B-15 (Campaign)၊ Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Campaign) စသည့် ပူးပေါင်း Fundraising အစီအစဉ် (၃) ခုအား စတင်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး ပြည်သူများ ပါဝင်အားဖြည့်ကူညီပေးနိုင်ကြောင်း မေတ္တာရပ်ခံထားသည်။
Federal Wings ၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေး Project များမှ မှတ်တမ်းဓါတ်ပုံအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။
Federal Wings အနေဖြင့် ပြည်သူလူထု၏ ပံ့ပိုးမှုဖြင့် ရရှိသည့် ရန်ပုံငွေဖြင့် ဒရုန်းတပ်ဆင်ရေး ဆောင်ရွက်နေသကဲ့သို့ နည်းပညာပိုင်းကိုလည်း အားစိုက်လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် တိုက်ပွဲများအတွင်း ထပ်မံရောက်ရှိလာမည့် နည်းပညာများမှာ အင်အားကောင်းကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက People’s Spring နှင့် အမေးအဖြေကဏ္ဍတွင် ဖြေကြားထားသည်။
ကိုယ်ပိုင်နယ်မြေ ငွေကြေးအင်အား လွတ်လပ်စွာဝယ်ယူ/သယ်ယူနိုင်မှု လွတ်လပ်စွာစမ်းသပ်နိုင်မှု များ ရှိပါက Federal Wings ဒရုန်းများ နေပြည်တော်ကိုပင် ခေါက်တုံ့ ခေါက်ပြန် သွားပြီး တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတွေအများကြီးမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေက ကူမယ်ဆိုရင်တောင် အဲ့ဒီအခြေအနေကိုက ခဏနဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုမရတာတွေကိုက ကျွန်တော်တို့အတွက် ပေးထားချက်တွေပဲဖြစ်တာမို့ ဒီပေးထားချက်တွေထဲက ရနိုင်သလောက်အချက်အလက်တွေကိုအသုံးချပြီး ပုစ္ဆာကိုအဖြေရအောင်တွက်ထုတ်ကြရတဲ့သဘောရှိပါတယ်။ မရနိုင်တာတွေကို တောင့်တမနေတော့ဘဲ ရနိုင်တဲ့နည်းလမ်းနဲ့ ရသလိုလှုပ်ရှားကြရတာမို့ အတော်ခက်ခဲပြီး လက်ပေါက်ကပ်ပါတယ်။ ဒါပေမဲ့ ဒီလိုခဲရာခဲစစ်နဲ့ ကိုယ်တိုင်ကြံဆနိုင်တာတွေကြောင့်လဲ တချို့သောနည်းပညာကိစ္စတွေမှာ အားသာချက်ဖြစ်သွားရတာတွေရှိပါတယ်။ သမရိုးကျနည်းပညာတွေမဟုတ်တာမို့ စစ်ကောင်စီဖက်ကလည်း သမရိုးကျနည်းလမ်းတွေနဲ့ကာကွယ်ဖို့ ခက်ခဲသွားတဲ့သဘောရှိပါတယ်”ဟု Federal Wings ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။