▪︎MAIလေကြောင်းလိုင်းသည် အာဏာသိမ်းခေါင်းဆောင်နှင့် နီးစပ်သော ခရိုနီ ဦးအောင်အောင်ဇော်ပိုင်ဆိုင်ထား
စင်ကာပူ UOBဘဏ်က MAI (Myanmar Airways International) လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၃ ဇူလှိုင် ၃၁ ရက်ကစတင်ပြီး MAIအနေဖြင့် UOB- United Oversea Bank ဘဏ်စနစ်ကိုအသုံးပြုပြီး ငွေပေးငွေချေမှုများကို ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်း နှင့် ၂၀၂၃ ဩဂုတ် ၁၅ ရက်တွင် UOBဘဏ်ရှိ MAIလေကြောင်းလိုင်း၏ ဘဏ်စာရင်းအားလုံးပိတ်သိမ်းသွားမည်ဖြစ်သည်ဟု UOBဘဏ်က MAIထံအကြောင်းကြားခဲ့ကြောင်းသတင်းရရှိသည်။
MAI၏ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း UOBဘဏ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုထားသည်။
စင်ကာပူနိုင်ငံရှိ DBS, ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်နှင့် ဒူဘိုင်းနိုင်ငံရှိ Emirates NDBတို့တွင် MAIလေကြောင်းလိုင်းက ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များသည်လည်း ဆက်လက်ဖွင့်လှစ်ခွင့်ရရန်လည်းမသေချာကြောင်း People’s Spring က စုံစမ်းသိရှိထားရသည်။

Public Service Announcement
MAIလေကြောင်းလိုင်းသည်24 Hour Group of Companyက ပိုင်ဆိုင်ထားခြင်းသည်။ ယခင်က နိုင်ငံပိုင်လေကြောင်းလိုင်း MAI၏ ရှယ်ယာ၈၀ရာခိုင်နှုန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုက ဝယ်ယူခွင့်ရခဲ့ပြီး ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘောဇလေကြောင်းလိုင်း(Air KBZ)နှင့် MAIလေကြောင်းလိုင်းတို့ ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုက 24 Hour လုပ်ငန်းစုထံ ရောင်းချခဲ့သည်။ 24 Hour လုပ်ငန်းစုကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီလုပ်ငန်းရှင် ဦးအောင်အောင်ဇော်က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ဦးအောင်အောင်ဇော်သည် 24 Hour လုပ်ငန်းစုကို ၂၀၀၃ခုနှစ်တွင်စတင်ထူထောင်ခဲ့ပြီး အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်သည်။
ခရိုနီ ဦးအောင်အောင်ဇော်ပိုင်သည့် MAIနှင့် Air KBZလေကြောင်းလိုင်းတွင် ခရီးသည်တင် လေယာဉ် အစင်း ၂၀၊ Air Busလေယာဉ် ၈ စင်း၊ ART 72 လေယာဉ် ၈ စင်းနှင့်Embraer လေယာဉ် ၄ စီးရှိကြောင်း ကုမ္ပဏီက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။
24 Hour လုပ်ငန်းစုသည် မြန်မာ့နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် 24 Petroleum ကုမ္ပဏီကိုထူထောင်ခဲ့ပြီး လေယာဉ်ဆီတင်သွင်းခြင်းကိုဆောင်ရွက်ခဲ့သည်ဟု ကုမ္ပဏီ၏ဝက်ဆိုက်တွင်ဖော်ပြထားသည်။
24 Hour လုပ်ငန်းစုသည် အိမ်ခြံမြေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ တနင်္သာရီတိုင်းတွင်းဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းစသည့်တို့ကိုလုပ်ကိုင်နေသည့် လုပ်ငန်းစုတစ်ခုဖြစ်သည်။


















































