Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများကိုသတ်ဖြတ်နေသည့်စစ်ကောင်စီ အသက်ဆက်ရန် ငွေတိုက်စာချုပ်ဝယ်ယူ​ပေးနေသည့် ဘဏ်လုပ်ငန်းရှင်များကို အရေးယူမည်ဟု NUGပြော

ငွေတိုက်စာချုပ်ဆိုသည် အစိုးရတရပ်က ဘဏ္ဍာရေးလိုငွေကို ပြည်သူလူထုထံမှ ချေးငွေယူရန် ထုတ်ရောင်းသည့် အစိုးရလက်မှတ်စာချုပ်များဖြစ်သည်။

(အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင့်ထွန်းနိုင် ကို ဇူလိုင် ၂၀ ရက် ​နွေဦးဖွံ့ဖြိုး​ရေးဘဏ်သတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်)
(အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင့်ထွန်းနိုင် ကို ဇူလိုင် ၂၀ ရက် ​နွေဦးဖွံ့ဖြိုး​ရေးဘဏ်သတင်းစာရှင်းလင်းပွဲတွင်​တွေ့ရစဥ်)

▪︎အဆိုပါဘဏ်များတွင် ပြည်သူများငွေမအပ်သင့်ကြောင်း PDFတပ်ခွဲမှူးတိုက်တွန်း

ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်​နေ​သော စစ်​ကောင်စီဘဏ္ဍာ​ငွေဖြည့်တင်းနိုင်ရန်အတွက် စစ်ကောင်စီ၏ ငွေတိုက်စာချုပ်များကို ဝယ်ယူနေသည့် ဘဏ်နှင့်လုပ်ငန်းရှင်များကို အရေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင့်ထွန်းနိုင်ကပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီအတွက် ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေးအပိုင်းတွင် အသက်ဆက်နိုင်နေခြင်းမှာ ငွေတိုက်စာချုပ်များရောင်းချရသည့်ငွေများဖြစ်ပြီး ထိုငွေများဖြင့် ပြည်သူကို ပြန်လည်သတ်ဖြတ်ရန် အဓိက ထောက်တိုင်ဝင်ငွေဖြစ်နေသည်ဟု ၎င်းကဆိုသည်။

“ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်ရောင်းချနေတာ ဒီဟာတွေအားလုံးက တရားလည်းမဝင်ဘူး။ ပြည်သူတွေကို ပြန်ပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေဆောင်ရွက်နေတာဖြစ်တယ်။ ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ပူးပေါင်းပါဝင်နေတဲ့ ပုဂ္ဂလိကဘဏ်တွေကအစ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ အားလုံးက တာဝန်ခံရပါ့လိမ့်မယ်”ဟု ဦးတင့်နိုင်ထွန်းကပြောသည်။

ထိုအပြင် ပြည်သူအနေဖြင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို တဖက်လှည့်ဖြင့်စစ်တပ်အတွက် ဘဏ္ဍာရေးအထောက်အပံ့ဖြစ်နေသည်ကိုလည်း ပြည်သူများ သိသင့်သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အသုံးပြုနိုင်ရန် တဖက်လှည့်ဖြင့်ဆောင်ရွက်ပေးနေသည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် တာဝန်ခံရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသားဆောင်ရွက်သွားမည်ဟုလည်း NUGဝန်ကြီးကဆိုထားသည်။

စစ်ကောင်စီကရောင်းချသည့်ငွေတိုက်စာချုပ်များသည် တရားမဝင်ကြောင်းနှင့် ပြည်သူ့ကြွေးမြီမဟုတ်၍ နိုင်ငံတော်က ပြန်လည်ပေးရန် အာမခံလည်းမရှိသည့်ငွေဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ငွေတိုက်စာချုပ်ဆိုသည် အစိုးရတရပ်က ဘဏ္ဍာရေးလိုငွေကို ပြည်သူလူထုထံမှ ချေးငွေယူရန် ထုတ်ရောင်းသည့် အစိုးရလက်မှတ်စာချုပ်များဖြစ်သည်။

NUGက ထုတ်ပြန်ထားသော စာရင်းများအရ အာဏာသိမ်းပြီးနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီသည် ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ် ကျပ်ဘီလီယံ ၂၀ကျော်ဖိုးထုတ်ရောင်းပြီးဖြစ်သည်။ ထိုပမာဏသည် စစ်ကောင်စီ၏ ကာကွယ်​ရေးအသုံးစရိတ်ထက် ၃ဆ ခွဲ​ကျော်ပိုများ​နေသည်။

ထိုငွေတိုက်ချုပ်များကို ခရိုနီဦးဇော်ဇော်ပိုင်ဆိုင်သည့် ဧရာဝတီဘဏ်နှင့် ၎င်း၏ ချေးသက်သေခံလက်မှတ်ကုမ္ပဏီ AYA Trust တို့က အများဆုံးဝယ်ယူထားသည်။ ထိုနောက် ခရိုနီ ဦးကိုကိုကြီးပိုင်ဆိုင်ထားသည် မြန်မာ့နိုင်ငံသားများဘဏ် (MCB)၊ ခရိုနီ ဦးသိမ်းဝေပိုင်ဆိုင်သည့် ရိုးမဘဏ်

(YOMA Bank)နှင့် ခရိုနီ ဦးအောက်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်တို့ စသည်တို့က အများဆုံးဝယ်ယူထားသည်ဟု မြန်မာ့နောင်းသတင်းဌာနက စုံစမ်း​ဖော်ထုတ်​ရေးသားထားသည်။

ထို့အပြင် ကွယ်လွန်ပြီး​သောဦးသိန်းထွန်း၏ ထွန်း​ဖောင်​ဒေးရှင်းဘဏ်၊ ​ဆောက်လုပ်​ရေးနှင့် အိမ်ယာဖွံ့ဖြိုး​ရေးဘဏ်၊ သတ္ထုဖွံ့ဖြိုး​ရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ​ကျေးလက်ဖွံ့ဖြိုး​ရေးဘဏ်၊ မြန်မာ့စီးပွား​ရေးဘဏ်၊ ​နေပြည်​တော်ဖွံ့ဖြိုး​ရေးဘဏ်၊ MICB ဘဏ်၊ မြန်မာ့ငွ​ချေးသက်​သေခံလက်မှတ်များ လဲလှယ်​ရောင်းဝယ်​ရေး ကုမ္ပဏီလိမိတက် စ​သောဘဏ်များကလည်း ပြည်သူများ၏ အပ်နှံ​ငွေများကို သုံး၍ စစ်​ကောင်စီ၏ ​ငွေတိုက်စာချုပ်အများအပြားဝယ်ယူထား​ကြောင်းသိရသည်။

လုပ်ငန်းရှင်ကြီးများသည် ပြည်သူလူထုငွေကြေးကို စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေခြင်းဖြစ်ပြီးစစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ၎င်းတို့မှာ တာဝန်ရှိသည်ဟု ဘဏ္ဍာရေးဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခု မန်နေးဂျင်းဒါရိုက်တာတစ်ဦးကလည်းပြောသည်။

ပြည်သူ့လူထုကဘဏ်များကို အပ်နှံသည့် ငွေကြေးများကို သွေးစွန်းငွေဖြစ်ရန် လုပ်ငန်းရှင်များကလုပ်နေခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များတွင် ငွေကြေးမအပ်နှံသင့်တော့ကြောင်း ၎င်းကဆက်ပြောသည်။

“တော်လှန်ရေးအင်အားစုတွေအနေဖြင့် သွေးစွန်းငွေဖြတ်တောက်ရေးဆိုပြီး ပြည်ပကငွေကြေးစီးဆင်းမှုတွေအပြင် ပြည်တွင်းက ထောက်တိုင်ဖြစ်နေတဲ့ ဘဏ်အပ်ငွေတွေလည်း ဖြတ်တောက်ဖို့ ပြည်သူလူထုကို အသိပေးသင့်တယ်”ဟု ၎င်းကဆိုသည်။

ပြည်သူလူထု၏ ချွေးနဲစာဘဏ်အပ်ငွေများကို ပြည်သူလူထုကို သတ်ဖြတ်ရန်အသုံးပြုနေခြင်းဖြစ်၍ ပြည်သူလူထုအနေဖြင့် ဘဏ်တွင် ငွေအပ်နှံခြင်းများကို မပြုလုပ်ကြရန်လည်း ပခုက္ကူခရိုင်တပ်ရင်း၊ တပ်ရင်းခွဲမှူးတစ်ဦးကပြောသည်။ ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ပြည်သူ့လူထုငွေကြေးများကို စစ်ကောင်စီအတွက် ထောက်တိုင်အဖြစ် ကြားခံဆောင်ရွက်ပေးနေလျှင် တော်လှန်ရေးအတွက် ရန်သူဖြစ်မည်ဟု မြို့ပြပျောက်ကြားရဲဘော်တစ်ဦးကလည်းမှတ်ချက်ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။