Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းပါ အဓိကအချက်မှာ စည်းလုံးညီညွတ်ရန်လိုအပ်သည့် အကြောင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း
စစ်ကောင်စီအကြပ်အတည်းကြုံနေချိန်နှင့် တစ်နိုင်ငံလုံးတိုက်ပွဲဝင်နေချိန်ဖြစ်၍ အားလုံး လက်တွဲတော်လှန်ကြရန် KIOဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီ အကြပ်အတည်းကြုံနေချိန်ဖြစ်သည့်အပြင် အများစုဖြစ်သည့် ဗမာလူမျိုးများအပါအဝင် တစ်နိုင်ငံလုံး တိုက်ပွဲဝင်နေချိန်ဖြစ်၍ တော်လှန်ရေးခရီးစဉ်များကို အားလုံးလက်တွဲ တိုက်ပွဲဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ ပြောကြားလိုက်သည်။

ယနေ့(ဩဂုတ် ၁၀ရက်)ကျရောက်သည့် ကချင်အာဇာနည်နေ့မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာဖြင့် ပြောကြားသည့် မိန့်ခွန်းပါ အချက်များကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြ ပြောဆိုခဲ့သည်။

“အခုအချိန်ကာလမှာ စစ်ကောင်စီက တော်တော်အကြပ်အတည်းကြုံနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ လူအများစုဖြစ်နေတဲ့ ဗမာလူမျိုးတွေကိုယ်တိုင်လည်း မင်းအောင်လှိုင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ အချိန်ကာလဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေလည်း တညီတညွတ်တည်းနဲ့ အားလုံးနဲ့ ပူးပေါင်းပြီးမှ တော်လှန်ရေးခရီးစဉ်တွေကို တိုက်ပွဲဝင်ဖို့ အရေးကြီးနေတဲ့ အချိန်ကာလဖြစ်တဲ့အကြောင်းလည်း ပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် KIO ဝန်ထမ်းတွေများအားလုံးနှင့် တိုက်ပွဲ၌ တာဝန်ကျနေသည့် ရဲဘော်တွေအားလုံးကို အားပေးအားမြောက်သည့် ခွန်အားပေးစကားများကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်လှူဒါန်းသွားတဲ့ အာဇာနည်များကို ကျနော်တို့က အသိအမှတ်ပြုရမယ် ဂါရ၀ပြုရမယ် အမြဲတမ်း သူတို့ကို သတိရကြဖို့လိုပါတယ်။ နောက် သူတို့ရဲ့ မိသားစုတွေ သားသမီးတွေကိုလည်း ကျနော်တို့က ပြုစုပျိုးထောင်ပေးရမယ်ဆိုတဲ့အကြောင်းတော့ ရှည်ရှည်ဝေးဝေးပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းပါ အဓိကအချက်မှာ စည်းလုံးညီညွတ်ရန်လိုအပ်သည့် အကြောင်းဖြစ်သည်ဟု ဆိုသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ပွဲဖြစ်နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက် အားလုံးနဲ့ လက်တွဲပြီးမှ တော်လှန်ရေးခရီးစဉ်တွေကို ဆက်လျှောက်ဖို့ အကြောင်းတွေပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIAသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ကချင်ပြည်နယ် ဖားကန့်နှင့် နမ့်ဆန်ယန်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်