ရပ်ကွက်နေအိမ်များကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို
စစ်ကိုင်းတိုင်း ကလေးမြို့ မြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြား စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့အစွန်ရှိ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာအကြားတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကို ယနေ့ (ဩဂုတ် ၁၁ရက်) နံနက် ၇နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“မနေ့က မြို့လှရပ်ကွက်မှာ စစ်ကောင်စီတပ်က စခန်းချပြီး ညအိပ်တာကို မနက်က ဝင်တိုက်ကြတာ နှစ်နာရီလောက်ကြာတိုက်ပွဲဖြစ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအပြီး နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားကျောင်းနှင့်လူနေအိမ်အချို့ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များကိုလည်းမီးရှို့သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာကြားရှိ ကျောက်ခွဲစက်မှ ကားတစ်စီးကိုလည်း မီးရှို့သွားကြောင်း သတင်းရရှိသည်။

တိုက်ခိုက်မှုကို ချင်းပြည်ကာကွယ်ရေးတပ်များဖြစ်သည့် CNDF ၊CDF-KKG နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင်တပ်ရင်း(၆)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် ဒေသခံများမှာ ကလေးမြို့ပေါ်ကို တိမ်းရှောင်လာကြသည်ဟု ကလေးမြို့ခံများက ပြောသည်။
