Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ​ကျော်ရှိပြီး​တော့ H&M မှာ အထည်ချုပ်လုပ်ငန်း ၃၉ ခုဆီမှာ အထည်​တွေ ချုပ်လုပ်ခဲ့တာလို့သိရပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ
မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်ချင်း စတင်လျှော့ချမယ်လို့ H&M ကြေညာ

▪︎ကမ္ဘာ​ကျော်ဖက်ရှင် အမှတ်တံဆိပ် Zara ​မြန်မာမှအထည်မှာယူမှုများကိုစတင်​လျှော့ချ​နေပြီး ​H&M ​ပါထပ်တိုးလာခြင်းဖြစ်

ကမ္ဘာပေါ်မှာ ဒုတိယ အကြီးမားဆုံး ဖက်ရှင် အဝတ်အထည် ကုမ္ပဏီကြီးဖြစ်တဲ့ H&Mက မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက် အထည်ချုပ်စက်ရုံတွေမှာ ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြောင်းပြုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တစ်ဆင့်ချင်းစီ လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။

H&Mဟာတခြားကမ္ဘာကျော်ဖက်ရှင်နဲ့အားကစားအဝတ်အထည် အမှတ်တံဆိပ် တော်တော်များများနည်းတူ အဝတ်အထည်တွေ ဖန်တီးချုပ်လုပ်ဖို့အတွက် ကိုယ်ပိုင် စက်ရုံတွေ မထူထောင်ဘဲ မြန်မာ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အထည်ချုပ် စက်ရုံတွေနဲ့သာ ထုတ်ကုန် ထောက်ပံ့ရေး သဘောတူ စာချုပ်တွေ ချုပ်ဆိုလေ့ ရှိပါတယ်။

မကြာသေးခင်က လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာ့ အထည်ချုပ် စက်ရုံတွေမှာ အမျိုးမျိုးသော ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ်တွေအတွက် တာဝန်ယူ ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေမှာ တစ်နှစ်တာ ကာလအတွင်း လုပ်သားတွေအပေါ် အနိုင်ကျင့်မှု ၁၅၆ ခုထက်မနည်း ဖြစ်ပေါ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ အဲဒီထဲက ၂၀ ဟာ H&M အတွက် အဝတ်အထည်တွေ ချုပ်လုပ် ထောက်ပံ့ပေးနေတဲ့ စက်ရုံတွေမှာလို့ ဆိုပါတယ်။

အဲဒီ အမှုပေါင်း ၁၅၆ ခုဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တာလို့ ဗြိတိန်အခြေစိုက် NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ စီးပွားရေး လုပ်ငန်းနဲ့ လူ့အခွင့်အရေး ရင်းမြစ်စင်တာ (BHRRC)က ပြောပါတယ်။

Public Service Announcement

Public Service Announcement

H&Mက BHRRCရဲ့ စွပ်စွဲဖော်ပြချက်တွေကို အသေးစိတ် လေ့လာနေပြီး ပြည်တွင်းက မိတ်ဖက် အထည်ချုပ် စက်ရုံတွေမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေအပေါ် အနိုင်အထက်ပြု ချိုးဖောက်တာတွေ ရှိခဲ့သလားဆိုတာ စုံစမ်းသွားမယ်လို့ ကနဦး ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ H&Mက မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေနဲ့ ပူးပေါင်းမှုကို တစ်ဆင့်ချင်းစီ လျှော့ချဖို့ စီစဉ်နေပြီ ဆိုတာကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

H&Mရဲ့ ပြိုင်ဘက်ဖြစ်ပြီး Zara ဖက်ရှင် အမှတ်တံဆိပ်ရဲ့ ပိုင်ရှင် Inditexကတော့ BHRRCရဲ့ တွေ့ရှိချက်တွေပေါ် အခြေခံပြီး မြန်မာ့ အထည်ချုပ် လုပ်ငန်းတွေဆီကနေ အဝတ်အထည်တွေ မှာယူနေတာကို တဆင့်ချင်းစီ စတင် လျှော့ချနေပြီလို့ ပြောပါတယ်။ BHRRCဟာ Inditexနဲ့ ဆက်စပ်တဲ့ အထည်ချုပ် စက်ရုံတွေမှာ ဝန်ထမ်းတွေအပေါ် အနိုင်အထက် ပြုကျင့်မှု ဖြစ်စဉ် ၂၁ ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အခုတော့ H&Mလည်း Inditexရဲ့ လမ်းစဉ်ကို လိုက်လာတဲ့ သဘောပါပဲ။

ဗြိတိန်သံအမတ်​ဟောင်း နဲ့ the Myanmar Centre forResponsible Business က ဒါရိုက်တာလည်းဖြစ်တဲ့ ဗစ်ကီဘိုးမန်းက H& M ရဲ့ဆုံးဖြတ်ချက်ဟာ အထည်ချုပ်လုပ်ငန်းက ​ထောင်နဲ့ချီတဲ့အမျိုးသမီးလုပ်သား​တွေအတွက် ဆိုးကျိုးဖြစ်​စေလိမ့်မယ်လို့​ပြောပါတယ်။ဒါ​ပေမယ့် အာဏာသိမ်းစစ်တပ်က အလုပ်သမားသမဂ္ဂအဖွဲ့​ဝင်​တွေ၊ Action Labor Rights အဖွဲ့ဝင်​တွေကိုဖမ်းဆီး​ဖိနှိပ်မှု​တွေ​လုပ်ခဲ့တာကြောင့် H& M ရဲ့ လုပ်ရပ်က လူ့အခွင့်အ​ရေးရဲ့အ​ရေးပါမှုကို မြင်သာ​စေခဲ့တဲ့လုပ်လုပ်ဖြစ်ပြီး ဒီဆုံးဖြတ်ချက်အ​ပေါ် မအံသြမိဘူးလို့လည်း​ပြောပါတယ်။

BHRRCက မြန်မာ့ အထည်ချုပ် စက်ရုံတွေမှာ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေဟာ တစ်နှစ်အတွင်း ၅၆ ခု တိုးလာပြီး စစ်အာဏာသိမ်းမှု အလွန် ကာလမှာ အခြေအနေတွေ ဆက်တိုက် ဆိုးလာနေတာကို မြင်သာစေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

လုပ်ငန်းခွင် အနိုင်ကျင့်မှု ပုံစံတွေထဲမှာ လုပ်ခလစာ ဖြတ်တောက် လျှော့ချတာ၊ ခိုးယူတာတွေက အတွေ့ရ အများဆုံးဖြစ်ပြီး တရားလက်မဲ့ ထုတ်ပယ်တာ၊ လူမဆန်လောက်အောင် များပြားတဲ့ အလုပ်ပမာဏမျိုး ခိုင်းစေတာ၊ အတင်းအကျပ် အချိန်ပို ဆင်းခိုင်းတာတွေလည်း ပါဝင်တယ်လို့ BHRRCက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အထည်ချုပ် လုပ်ငန်းတွေမှာ လုပ်သားတွေရဲ့ အခွင့်အရေးတွေ ဆုတ်ယုတ်လာတာကို အစဉ်တစိုက် စောင့်ကြည့် လေ့လာခဲ့ကြောင်း BHRRCက ပြောပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းကတော့ BHRRCရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်လာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ​ကျော်ရှိပြီး​တော့ H&M မှာ အထည်ချုပ်လုပ်ငန်း ၃၉ ခုဆီမှာ အထည်​တွေ ချုပ်လုပ်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သတင်း

၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီဟာ အလုပ်သမား သမဂ္ဂတွေကို စနစ်တကျ ဖြိုခွင်းပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ရပ်တည်ဖွဲ့စည်းခွင့်တွေကိုလည်း တားဆီးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်လုပ်သားများက တောင်းဆိုသည့်ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၂၉)ပြုလုပ်ခဲ့သည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အစိုးရ လက်ထက်ကလည်း နေအိမ် အကျယ်ချုပ် ဘဝမှာ ၁၅ နှစ်လောက် နေထိုင်ခဲ့ရပြီး သားနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒားနဲ့ ကင်မ်တို့ကတော့ မိခင်နဲ့ဝေးရာ ဗြိတိန်နိုင်ငံမှာ ကြီးပြင်းခဲ့ကြပါတယ်။

Facebook