Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းများ ရပ်တန့်ရန် ILO တိုက်တွန်း

ကော်မရှင်၏အစီရင်ခံစာ၌ မြန်မာစစ်ဖက်အာဏာပိုင်တို့အား ထိုပြဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုအား ရပ်တန့်ရန်၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုများကိုတားဆီးရန် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့တိုက်တွန်းထားသည်။

(ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၌ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှဦးဆောင်ကာ Revolution Force ( RF)၊ LGBT community Yangon တို့မှ လူငယ်များ ပူးပေါင်းပါဝင်၍ ၂၀၂၂ မတ်လ ၂၀ ရက်က "သပိတ်ကအစ အလုပ်သမားက လူထုအားလုံးပါဝင်ကြ"စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - AAMIJ)
(ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၌ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှဦးဆောင်ကာ Revolution Force ( RF)၊ LGBT community Yangon တို့မှ လူငယ်များ ပူးပေါင်းပါဝင်၍ ၂၀၂၂ မတ်လ ၂၀ ရက်က "သပိတ်ကအစ အလုပ်သမားက လူထုအားလုံးပါဝင်ကြ"စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - AAMIJ)

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ဖက်အာဏာပိုင်များက မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်းနှင့် အလုပ်သမားအခွင့်အရေးများချိုးဖောက်နေခြင်းအား ချက်ချင်းရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)က စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် အဓမ္မအလုပ်ခိုင်းစေမှု ဆိုင်ရာပြဌာန်းချက်များအား ကျယ်ပြောစွာ ချိုးဖောက်ထားသည်များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့သည်ဟု ယနေ့ (အောက်တိုဘာ ၅)ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

“စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာစစ်ဖက်အာဏာပိုင်များက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တို့အား ပုံစံမျိုးစုံနှင့် အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်ခြင်းများနှင့် အခြားလူမဆန်စွာပြုမူနေခြင်းများကို ချက်ချင်းရပ်တန့်ရန်လည်းကောင်း၊ ထို့ပြင် ပုံစံမျိုးစုံဖြင့် အဓမ္မလုပ်အား သို့မဟုတ် မလုပ်မနေရအလုပ်ခိုင်းစေ မှုများကို အဆုံးသတ်ရန်လည်းကောင်း တိုက်တွန်းသည်”ဟု ILO ထုတ်ပြန်ချက်က ဆိုသည်။

ILO၏ မြန်မာနိုင်ငံဆိုင်ရာစုံစမ်း စစ်ဆေးရေးကော်မရှင်က ၂၀၂၁ ဖေဖော်ဝါရီမှစ၍ စစ်ဖက်အာဏာပိုင်များ၏ အပြုအမူများသည် အခြေခံပြည်သူ့အခွင့်အရေးများ၊ အလုပ်သမားသမဂ္ဂ၏အခွင့်အရေးများ ကျင့် သုံးမှု အပေါ်ကန့်သတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပြီး၊ သမဂ္ဂဝင်တို့အား သမဂ္ဂ၏လှုပ်ရှားမှုများ၌ ပါ ဝင်နိုင်စွမ်းမရှိတော့အောင် ဖြစ်စေသည်ဟုကောက်ချက်ချထားသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့သောအပြုအမူများသည် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာပြဌာန်းချက် ၁၉၄၈ (အမှတ် ၈၇)အရ၊ မြန်မာ နိုင်ငံကလိုက်နာရန် ရှိသည့်တာဝန်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ILOအစီရင်ခံစာက ထောက်ပြသည်။

အလားတူ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွင် စစ်တပ်က ပုံစံမျိုးစုံသော အဓမ္မအလုပ်ခိုင်းစေမှုများကို အသုံးပြုလျက်ရှိသောကြောင့် မြန်မာနိုင်ငံသည် အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက် ၁၉၃၀ (အမှတ် ၂၉) အရ၊ ၎င်းလိုက်နာရန်ရှိသည့်တာဝန်များကို မလိုက်နာဟု ဖော်ပြသည်။

ထို့ကြောင့် အဓမ္မလုပ်အား (သို့မဟုတ်) မလုပ်မနေရခိုင်းစေမှုများ မဖြစ်ပွားအောင်တားဆီးသည့် လုံလောက်သောအပြစ်ပေး အရေးမှု များမရှိဟုလည်း ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ‌ပြောဆိုထားသည်။

ကော်မရှင်၏အစီရင်ခံစာ၌ မြန်မာစစ်ဖက်အာဏာပိုင်တို့အား ထိုပြဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုအား ရပ်တန့်ရန်၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုများကိုတားဆီးရန် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့တိုက်တွန်းထားသည်။

သမဂ္ဂခေါင်းဆောင်များအား အကြမ်းဖက်မှု၊ အခြေခံပြည်သူ့အခွင့်အရေးများကို ပြင်းထန်စွာနှင့် ထပ်ဖန်တလဲလဲ ချိုးဖောက်မှု၊ အဓမ္မအလုပ်ခိုင်းစေမှုများ ပြန်လည်ဖြစ်ပွားခြင်းများအပေါ် အစီရင်ခံစာများအား အကဲဖြတ်ချင့်တွက်ရန် ILO က ကော်မရှင်ကို တာဝန်အပ်နှင်းခဲ့ကြောင်း အသိပေးသည်။

ထို့ကြောင့် စုံစမ်းစစ်ဆေးသည့် လွတ်လပ်သောကျွမ်းကျင်ပညာရှင် သုံးဦးသည် မျက် မြင်ထင်ရှားဖြစ်သည့် အဖွဲ့ အမျိုးမျိုးတို့ထံမှ ရေးသားတင်ပြချက်များကို စုဆောင်းခြင်း၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုအရေး၊ စီးပွားရေး ဘေးကျပ် နံကျပ်ဖြစ်မှုစသည့် အမှုအရေးပေါင်းများစွာ၏ ရိုက်ခတ်မှုကို ခံရသူများ၏ တိုက်ရိုက်ဆက်သွယ်လာမှုများ၊ ထို့ပြင် ဤအရေးကိစ္စများကို ကျွမ်းကျင်စွာတတ်သိနားလည်သည့် ပညာရှင်များတို့၏ တင်ပြမှုများကို လက်ဝယ်ရရှိထားသည်ဟုဆိုသည်။

ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရှိသော်လည်း မျက်မြင်သက်သေများအားဖြင့် ဖြစ်နေသည့်အခြေအနေအပေါ် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ရာ ILO ဖွဲ့စည်းအုပ်ချုပ်ပုံ အပိုဒ် ၂၈ အရ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင် ခံစာသည် အထက်ပါကိစ္စများနှင့် စပ်လျဉ်းသည့် တွေ့ရှိချက်များ၊ မှတ်ချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို စီစဉ်တင်ပြထားသည်ဟု ဖော်ပြသည်။

စစ်ဖက်အာဏာပိုင်များက အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်တို့ကို ပုံစံမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက်နေမှုများ၊ လူမဆန်ဆက်ဆံမှုများကို ချက်ချင်းရပ်တန့်ရန် လည်းကောင်း၊ မိမိတို့၏ အခြေခံပြည်သူ့အခွင့်အရေးများနှင့် တရားဝင်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို ကျင့်သုံးခြင်းနှင့်ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် တင်ထားသည့် စွဲချက်များကို ရုပ်သိမ်းပေးရန်လည်းကောင်း၊ အာဏာသိမ်းစကတည်းကရပ်တံ့သွားသည့် အခြေခံပြည် သူ့အခွင့် အရေးများအား ကာကွယ်စောင့်ရှောက်မှုကို အပြည့်အဝပြန်လည်ထိန်းသိမ်းပေးရန်လည်းကောင်း တိုက်တွန်းထားသည်။

ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသို့ ပေးပို့ထားပြီးဖြစ်ရာ တိုက်တွန်းချက်များကို ၎င်းလက်ခံမခံ ကြေ ညာရန်၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ လွှဲပြောင်းအဆိုပြုရန် အချိန်အားဖြင့် သုံးလသာ ရရှိမည်ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြသည်။

“သူတို့(ILO စုံစမ်းစစ်ဆေးရေးကော်မရှင်) သုံးသပ်ချက်က မှန်ပါတယ်။ ဒါကိုတုန့်ပြန်ဖို့ က အချိန် ၃ လ ရတယ်။ အဲ့ဒီအတွက်လည်း SAC(စစ်ကောင်စီ)ဘက်က ဝန်ကြီး၊ ဒုဝန်ကြီးပါတဲ့အလုပ်အဖွဲ့တွေကို ပြီးခဲ့တဲ့ရက်က ဖွဲ့ စည်းတာတွေ့ရတယ်။ ကျွန်မ ပြောချင်တာက တုန့်ပြန်ဖြေရှင်းတယ်ဆိုတာ စာရွက်ပေါ်မှာဖြေရှင်းလိုက်လို့မရဘူး။ ဆိုလိုတာက on paper အလုပ်လုပ်တာကိုပြောတာပါ။ ဆောင် ရွက်ပြီးစီးပြီဆိုပြီး အောက်ခြေက report ပေးတာကိုအမှန်လို့ထင်ပြီး တုန့်ပြန်ရေးသားရင်အရှက်ကွဲလိမ့်မယ်”ဟု ဖမ်းဆီးထိန်းသိမ်းခံရကာ မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် ပြည်တွင်းမှ အလုပ်သမားအရေးလုပ်ဆောင်နေသူတစ်ဦးက မှတ်ချက်ပေး သည်။

လက်ရှိတွင် ၎င်းတို့အလုပ်သမားအရေးဆောင်ရွက်သူများအနေဖြင့် ဖိနှိပ်ခံအလုပ် သမားများနှင့်အတူရှိနေပြီး ၎င်းတို့ထံတွင်လည်း ဖိနှိပ်ခံရမှုများအပေါ် တိုင်ကြားအကူ အညီတောင်းလာသည့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အမှုတွဲများ လက်ဝယ်တွင် တစ်ထပ်ကြီးရှိနေကြောင်း အထက် ပါ အလုပ်သမားအရေးဆောင်ရွက်သူက လက်ရှိအခြေအနေကို ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်များဖြင့် အုပ်ချုပ်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ဆိုပါကလည်း အကောင်အထည်ဖော်ရမည့် နောက်ထပ်အဆိုပြုတိုက်တွန်းချက်များကို အစီရင်ခံစာ၌ တင်ပြထားပြီး ယင်းသည် သက်ဆိုင်ရာအဖွဲ့အားလုံးက ဒီမိုကရေစီနည်းဖြင့် အပြည့်အဝအုပ်ချုပ်ရေးသို့ ငြိမ်းချမ်းစွာကူးပြောင်းရေးအောင်မြင်အောင် ကြိုး ပမ်းကြရန်လည်း ILO က ပန်ကြားသည်။

ILO က ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် နိုင်ငံတကာအလုပ်သမားရေးရာစံနှုန်းများကို လိုက်နာမှုမရှိသည့် ကြီးလေးသောစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် အနှစ် ၁၀၀ ကျော်ကြာသမိုင်းတွင် ၁၄ ကြိမ်မြောက်ဖွဲ့စည်းသည့် ကော်မရှင်လည်းဖြစ်ကြောင်း အသိပေးထားသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၂၂ မတ်လတွင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။