ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အောက်တို့ဘာ ၁၂ ရက်တိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
ကျဆုံးခဲ့သည့် ရဲဘော်များမှာ ချင်းအမျိုးသာတပ်မတော်-CNA မှတစ်ဦးနှင့် CDF-Hualngoramမှ ရဲဘော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။
“မနေ့က ရဲဘော်နှစ်ဦးကျတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်”ဟု ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကိုမူ အတည်မပြုနိုင်ခြင်းမရှိသေးကြောင်းလည်း၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို အောက်တိုဘာ ၁၀ ရက်တွင်လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များကြား ထိုနေ့မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယနေ့(အောက်တိုဘာ ၁၃)တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ တိုက်ပွဲ ဖြစ်ပွားခြင်းရှိ ၊မရှိ ကိုမူ မသိရသေးပေ ။

Public Service Announcement
စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ ရက် နေလည်ပိုင်းတွင် ထန်တလန်မြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ထန်တလန်မြို့တွင်းရှိ ဆေးရုံနှင့် စာသင်ကျောင်းတိုကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ပြီး နေအိမ်များကို မီးရှို့နေသောကြောင့် ဒေသခံပြည်သူများက မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြရသည်။ထိုနောက်ထန်တလန်မြို့ပေါ်တွင် CDF-ထန်တလန်နှင့် စစ်ကောင်စီတပ်တို့သာ မြို့တဖက်စီတွင် တပ်စွဲထားခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ၂၅ မိုင်သာ ဝေးသည့် ထန်တလန်တွင် ၂၀၂၁၊ စက်တင်ဘာ ၁၈ ရက်က မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်။
