အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်ခဲ့သူ ထိုင်းနိုင်ငံသား ၁၂၀ ကို မြန်မာဖက်ကနေ ပြန်လည် လွှဲပြောင်းယူဖို့ စီစဉ်နေကြောင်း ထိုင်းအစိုးရက ပြောတယ်လို့ ဘန်ကောက်ပိုစ်သတင်းဌာနကဖော်ပြပါတယ်။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကန်ချာနာ ပါတာရာချော့က အမျိုးသား ၉၀ နဲ့ အမျိုးသမီး ၃၀ တို့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်မှာရှိတဲ့ အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လီဆယ် သွေးဆောင် ခံခဲ့ရတာလို့ ဆိုပါတယ်။ သူတို့ကို ထိုင်းနိုင်ငံဆီ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် မြန်မာဖက်က အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ကန်ချာနာက အတည်ပြုခဲ့ပါတယ်။
အဲဒီ ထိုင်းနိုင်ငံသားတွေဟာ ဘယ်လို အလုပ်တွေမှာ ခိုင်းစေခံခဲ့ရသလဲ ဆိုတာကိုတော့ လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။
ရန်ကုန်မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး မွန်ကိုလ် ဝီဆစ်ပ်တွမ်က သူဟာ ထိုင်းနိုင်ငံသားတွေကို လက်လွှဲ ခေါ်ဆောင်ဖို့ ကိစ္စကို စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်ဆိုတာ အစီရင် ခံထားကြောင်းလည်း ကန်ချာနာက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းနိုင်ငံသား ၁၂၀ ကို လောက်ကိုင်ကနေ ခေါ်ထုတ်လာပြီး အာဏာသိမ်း မြန်မာစစ်တပ်က နေရာထိုင်ခင်းနဲ့ ရိက္ခာတွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီ ထိုင်းနိုင်ငံသားတွေ ဇာတိနိုင်ငံကို ဘယ်လို လမ်း၉ကြောင်းကနေ ပြန်မလဲ ဆိုတာကိုတော့ ညှိနှိုင်းနေဆဲပါ။ သူတို့ဟာ ရန်ကုန်ကနေ ထိုင်းကို လေယာဉ်ခရီးစဉ်နဲ့ ပြန်သွားတာမျိုး ဖြစ်နိုင်သလို တာချီလိတ်ကနေတဆင့် ကုန်းလမ်းခရီးနဲ့ နယ်စပ်ဖြတ်ကျော်ပြီး အိမ်ပြန်ဖို့ကိုလည်း စဉ်းစားထားကြောင်း ကန်ချာနာက မှတ်ချက်ပေးသွားပါတယ်။
ကိုးကန့်အပါအဝင်နယ်စပ်ဒေသတွေမှာအွန်လိုင်းကနေလိမ်လည်တဲ့ကျားဖြန်လုပ်ငန်းတွေ ၊လောင်းကစားလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေ ၊ စစ်ကောင်စီနဲ့နီးစပ်သူတွေအဓိက လုပ်ကိုင်ကြတာလို့ ဒေသခံတွေကပြောပါတယ်။
