မန္တလေးတိုင်း၊ မတ္တရာနှင့် စဥ့်ကူးမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်)နံနက်ပိုင်းက မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ ရေယာဥ် နှစ်စီးသည် မတ္တရာမြို့နယ်၊ ငယ်တိုးရွာနှင့် သဖန်းဒေါင့်ကျေးရွာတို့ရှိ နေအိမ်များအား မွန်းလွဲ ၁နာရီခွဲခန့ကစ၍ မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း Wet Let Informational Network အဖွဲ့က ပြောသည်။
ထို့အပြင် ယမန်နေ့က စဉ့်ကူးမြို့နယ်ရှိ ရွာသာယာပျုစောထီးကျေးရွာမှ စစ်သင်္ဘော တစ်စီးနှင့် အခြားမော်တော်ယာဉ် တစ်စီးတို့သည် စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာနှင့် သဲအင်းကျေးရွာတို့ကို လက်နက်ကြီး လေးချက် ပစ်ခတ်ဝင်ရောက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သည် ညနေ ၅နာရီခန့်တွင် ကြက်တူရွေး၊ ဟင်္သာမနှင့် မြစ်ကမ်းကြီးကျေးရွာများရှိ နေအိမ် ၁၀လုံးခန့် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အလားတူ ည ၇ နာရီခွဲခန့်တွင်လည်း အဆိုပါ စစ်ကောင်စီတပ်သည် သဲအင်းကျေးရွာရှိ ကျေးလက် ဆေးပေးခန်းနှင့် နေအိမ် ငါးလုံးခန့် မီးရှို့ဖျက်ဆီးသွားကြောင်း Wet Let Informational Network အဖွဲ့က ပြောသည်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကြက်တူရွေးရွာအနီးတွင် ဒေသခံပြည်သူ အလောင်း နှစ်လောင်း၊ မတ္တရာမြို့နယ်ရှိ မီးရှို့ခံရသော သဖန်းဒေါင့်ရွာနှင့် ငယ်တိုးကျေးရွာကြားတွင်လည်း ဒေသခံပြည်သူ အလောင်း သုံးလောင်းတွေ့ရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။
“အားလုံးက အမျိုးသားတွေချည့်ပဲ။ ငါးလောင်းထဲမှာ တစ်လောင်းက သဲအင်းရွာကနေး ဖမ်သွားတဲ့ အသက် ၅၂အရွယ် အမျိုးသား တစ်ဦးပါ။ ကျန်တဲ့ လေးလောင်းက ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူး။”ဟု Wet Let Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သွားခဲ့သေးသည်။
ယနေ့နံနက်ပိုင်းကလည်း ဖလက်ရေယာဥ်သည်မတ္တရာမြို့နယ် သဖန်းဒေါင့်ကျေးရွာရှိ နေအိမ်အချို့အား ထပ်မံမီးရှို့ကာ မြစ်ကြောင်းအတိုင်း မန္တလေးဆိပ်ကမ်းဘက်သို့ စုန်သွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ ရက်ကလည်း စဉ့်ကူးမြို့နယ် သဲအင်းရွာ၊ကြက်တူရွေးရွာ၊မြစ်ကမ်းကြီးရွာနှင့် ဟင်္သာမရွာတို့မှ နေအိမ် ၆ဝ ခန့် မီးရှို့ဖျက်ဆီးခဲ့သေးသည်။