ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်မတော်(MNDAA) ဦးဆောင်သည့် မဟာမိတ်တပ်များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကိုးကန့်တိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး မြို့ကို မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် အခြေအနေတွင် အောက်တိုဘာ ၂၇ရက် နံနက် ၁၀နာရီ ၅၈မိနစ်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်။
“ချင်းရွှေဟော်ဘက် ဂျက်ဖိုက်တာဖြင့် ပစ်နေပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။
စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုခံရပြီး နေရာအများအပြား၌ အထိနာလျက်ရှိရာ လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသ၌ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။

Public Service Announcement
ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းအထိ စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လားရှိုးနှင့် ကွတ်ခိုင်တွင် ကလေးငယ် အပါအဝင် အရပ်သား လေးဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရထားသည်။
