▪︎MOGEနဲ့ ချိတ်ဆက်မယ့် ချေးငွေ၊ ဘဏ်စာရင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တခြား ငွေကြေး ဝန်ဆောင်မှု ကိစ္စတွေကို အမေရိကန်က ပစ်မှတ်ထားပြီး ဒီဇင်ဘာ၁၅ ကစပိတ်ဆို့ အရေးယူသွားမှာ ဖြစ်တယ်
အမေရိကန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိက ရင်းမြစ်တစ်ခုအဖြစ် ရပ်တည်ပေးနေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု သတ်မှတ်ချက်တွေ ကြေညာခဲ့ပါတယ်။
အမေရိကန် အစိုးရရဲ့ နိုင်ငံရပ်ခြား စီးပွားရေး ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တာဝန်ယူ ကြီးကြပ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက MOGEနဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု တချို့ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင် ကန့်သတ် ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါဟာ အစိုးရပိုင် MOGEအပေါ် အမေရိကန်က တိုက်ရိုက်ကျကျ ပစ်မှတ်ထား အရေးယူမှုမျိုး ပထမဆုံးအကြိမ် လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။ အရင်က အမေရိကန်ဟာ MOGEရဲ့ ခေါင်းဆောင်ပိုင်းတွေကို အရေးယူ ပိတ်ဆို့တာမျိုး ရှိခဲ့ဖူးပေမယ့် လုပ်ငန်းတစ်ခုလုံးကို ဦးတည်လာတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။
MOGEအပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုဟာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေကြတဲ့ အပြည့်အဝ အရေးယူ ပိတ်ဆို့မှု အဆင့်ထိတော့ မပြင်းထန်သေးပါဘူး။ MOGEဟာ အာဏာသိမ်း စစ်တပ်အတွက် အဓိက အကျဆုံး ဝင်ငွေရင်းမြစ် ရပေါက်ရလမ်းတွေကို ဖန်တီးပေးနေပါတယ်။
MOGEနဲ့ ချိတ်ဆက်မယ့် ချေးငွေ၊ ဘဏ်စာရင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တခြား ငွေကြေး ဝန်ဆောင်မှု ကိစ္စတွေကို အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူသွားမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

MOGE နဲ့ဆက်စပ်တဲ့ ဘဏ္ဍာရေး ပိုင်းကို အရေးယူတာဖြစ်လို့ စစ်ကောင်စီအတွက် ငွေပေးငွေယူကိစ္စတွေမှာပိုခက်ခဲလာနိုင်သလို ၊ စွမ်းအင်ကဏ္ဍမှာ နိုင်ငံတကာရဲ့ရင်းနှီးမြှပ်နှံမှုတွေဟန်တားပြီးဖြစ်သလို ၊စစ်ကောင်စီနဲ့ တွဲပြီးရေနံနဲ့ သဘာဝဓါတ်ငွေ့အရောင်းအဝယ်လုပ်ချင်သူတွပိုနည်းလာနိုင်တယ်လို့ လေ့လာသူတစ်ဦးကမှတ်ချက်ပေးပါတယ် ။
ဒါပေမဲ့ MOGEကို အထူး သတ်မှတ်ထားတဲ့ အရေးယူမှု စာရင်းထဲ ထည့်သွင်းဖို့ အထိတော့ အမေရိကန်က အရေးမယူခဲ့ဘဲ တစ်ထစ် လျှော့ထားဆဲလို့ ဆိုနိုင်ပါတယ်။ အဲဒီ အဆင့်မှာ ပါဝင်တဲ့ လုပ်ငန်းတွေကတော့ အမေရိကန်ရဲ့ ဘဏ်စနစ်နဲ့ ချိတ်ဆက်မှုကနေ ကန်ထုတ်ခံရပြီး အမေရိကန်နဲ့ ကုန်သွယ်ခွင့် ပိတ်ပင်ခံရသလို အမေရိကန်မှာ ထားရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်း ခံရမှာ ဖြစ်ပါတယ်။
“ကနေဒါနဲ့ ဗြိတိန်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီနေ့ လုပ်ဆောင်ချက်ဟာ မြန်မာစစ်တပ်အပေါ် ကျွန်တော်တို့ရဲ့ စုပေါင်းဖိအားပေးမှုဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ဖို့အတွက် လိုအပ်တဲ့ လက်နက်နဲ့ ထောက်ပံ့ရေးတွေကို စစ်ကောင်စီကမရရှိရေးအတွက်ဖြစ်ပါတယ်”လို့အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ
ဘရိုင်ယန် အီး နယ်လ်ဆင်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက”MOGEကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြည်သူတွေတောင်းဆိုနေတာကြပါပြီ။ အခုတော့ တောင်းဆိုတဲ့အတိုင်းဖြစ်လာပြီဆိုတော့ စစ်ကောင်စီကျဆုံးရေးက ပိုသေချာသွားပါပြီဗျာ”လို့ပြောပါတယ်။
အမေရိကန်က အာဏာသိမ်း စစ်တပ်နဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ အဖွဲ့အစည်း ၃ ခုတို့ကိုလည်း ဗြိတိန်၊ ကနေဒါ အစိုးရတွေနဲ့ ချိတ်ဆက် ညှိနှိုင်းပြီး အရေးယူ ပိတ်ဆို့ကြောင်း ကြေညာသွားခဲ့ပါတယ်။
အသစ် သတ်မှတ် ပြဋ္ဌာန်းလိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တာဝန်ခံရစေမှု ပိုမို နီးစပ်လာမှာဖြစ်ပြီး အရေးယူ ပိတ်ဆို့မှုကနေ ကင်းလွတ်နေမှုတွေကို ပိုမို ကျဉ်းမြောင်းသွားစေမှာ ဖြစ်ကြောင်း၊ အမေရိကန်ဟာ စစ်အာဏာရှင်တွေအတွက် လက်နက်တွေ၊ လေယာဉ်ဆီတွေနဲ့ ဝင်ငွေစီးဝင်မှုတွေ ထောက်ပံ့ပေးနေတဲ့ နိုင်ငံအားလုံးကိုလည်း သင့်တော်တဲ့ အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန်က သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ ချိတ်ဆက်ပြီး ဗြိတိန်က စစ်ကောင်စီအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ ကူညီ ထောက်ပံ့ပေးတဲ့၊ ဒါမှမဟုတ် လေယာဉ် အစိတ်အပိုင်းတွေ အပါအဝင် ကန့်သတ်ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ အဖွဲ့အစည်း ၁ ခုကို ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သလို ကနေဒါကလည်း လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုကို အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံနှစ်ခုစလုံးက MOGEရဲ့ နာမည်ကိုတော့ ထည့်သွင်း ရည်ညွှန်းခြင်း မရှိခဲ့ပါဘူး။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မြန်မာသံရုံးရော၊ MOGEကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အမေရိကန်ဟာ အစိုးရပိုင် မြန်မာ့ နိုင်ငံခြား ကုန်သွယ်ရေးဘဏ် (MFTB)နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးဘဏ် (MICB)တို့ကိုလည်း မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီတွေ၊ လက်နက်ငယ် အစိတ်အပိုင်းတွေနဲ့ တခြား ကိရိယာတွေ ဝယ်ယူနိုင်အောင် ကူညီ ထောက်ပံ့ပေးမှုနဲ့ ဇွန်လမှာ အရေးယူ ပိတ်ဆို့ခဲ့ဖူးပါတယ်။ မြန်မာ စစ်တပ်ကတော့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ သူတို့ကို အကြီးအကျယ် အထိနာစေတယ်ဆိုတဲ့ ယူဆချက်တွေကို ငြင်းပယ်ထားပါတယ်။
