ကလေးမြို့၊ မြောက်စည်းရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိခဲ့သော လက်နက်မျိုးစုံ အလက် ၂၀ ခန့်နှင့်ခဲယမ်းများသိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာလ ၉ရက်) ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ရဲများနှင့် ပူပေါင်း၍ အထိုင်ချတပ်စွဲထားသော မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကိုထုတ်ပြန်ထားသည့်ဓာတ်ပုံတွင် သေနတ်မျိုးစုံ ၂၀ လက်ဝန်းကျင် နှင့် ဗုံးများ၊ကျည်များ စစ်သုံးပစ္စည်းများလည်း ပါဝင်သည်။ ရဲနှင့်စစ်ကောင်စီ တပ်ဖွဲ့ ယူနီဖောင်းအချို့လည်း တွေ့ရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။
စခန်းသိမ်းပြီးနောက် စစ်ကောင်စီဘက်မှ အလောင်း ၉ လောင်း တွေ့ရပြီး ၊တော်လှန်ရေးတပ်ဖွဲ့များမှလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။ ။ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များဘက်မှ VAKOK-CNDF မှ ရဲဘော်တစ်ဦးနှင့် Ranger Kalay Defend Force -RKDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းသည်။
ထိုစခန်းကိုကလေးခရိုင်တပ်ရင်း (၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ RKDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
မြောက်စည်းရဲစခန်းအပြင် နိုဝင်ဘာ ၃ ရက်က ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်မှ ရာဇဂြိုဟ်ရွာအနီးမှအကျဉ်းစခန်း (၁)၊ (၂) တို့ကိုလည်း တော်လှန်ရေးအဖွဲ့များကတိုက်လိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင် ထိုနေ့မှာပင် ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄)စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က ဒရုန်း ၅ စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
အလားတူ ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ရှိ စစ်ကောင်စီတပ် တပ်စွဲရာနေရာများနှင့် ဝိတုတ်ရွာရှိ စစ်ကောင်စီစခန်းတို့ကိုလည်းနိုဝင်ဘာ ၃ ရက်နံနက်မှ အပြင်းအထန်တိုက်ခိုက်ပြီး PDF များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ခမ်းပါတ်မြို့ကိုရော ၊ ဝိတုတ်စခန်းကိုပါသိမ်းပိုက်ခဲ့သည်။
လတ်တလောတွင် ကလေးမြို့နယ်အပြင် ဒေသတွင်း ဆက်စပ်နေသော တမူးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
