▪︎ငွေသားထုတ်ယူသူများကို စောင့်ကြည့်ခံရနိုင်သည်ဟုစစ်ကောင်စီခြိမ်းခြောက်
ပြည်တွင်းဘဏ်များမှ ဘဏ်စာရင်းတစ်ခုကို တစ်ပတ်လျှင် ကျပ် သိန်း ၂၀ သာ အများဆုံးထုတ်ပေးပြီး ဘဏ်အချို့မှာ ငွေသားကုန်နေသည်ဟုဆိုကာ ငွေထုတ်မရခဲ့ကြောင်း ယနေ့ငွေထုတ်ခဲ့သူများကပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှုကို ကန့်သတ်လိုက်ပြီးနောက် ဘဏ်များက ယခုကဲ့သို့ ငွေသားထုတ်ပေးမှုကိုတင်းကြပ်လိုက်ခြင်းဖြစ်သည်။
“ဆူးလေ KBZ မှာစပါယ်ရှယ်အကောင့်လည်းသိန်း၂၀ ပဲထုတ်ပေးတယ်။ အခုဘဲထုတ်လာခဲ့တာပါ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ယနေ့(နိုဝင်ဘာ ၂၀ ရက်) နေ့လယ် တစ်နာရီခန့်ကပြောသည်။
ဘဏ်အလိုက်ငွေသားထုတ်ယူမှုများကို မေးမြန်းရာတွင် ရန်ကုန်မြို့ရှိ KBZဘဏ်များက လူပုဂ္ဂိုလ်ဘဏ်စာရင်းများကို တပတ်လျှင် သိန်း၂၀ နှင့် ကုမ္ပဏီဘဏ်စာရင်းများကို ကျပ် သိန်း ၅၀ အထိသာအများဆုံးထုတ်ပေးသည်ဟု ငွေထုတ်ခဲ့သူများကပြောသည်။

အခြားဘဏ်များက တပတ်လျှင် ကျပ် ၁၀ သိန်းသာ အမြင့်ဆုံးထုတ်ပေးသည်ဟုလည်း ဘဏ်တွင်ငွေထုတ်ခဲ့သူတစ်ဦးကပြောသည်။ မြောက်ဒဂုံ AYAဘဏ်က ဘဏ်စာရင်းတစ်ခုကို ကျပ် ၁၀သိန်းသာထုတ်ပေးသည်ဟုလည်း ငွေထုတ်ခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement
“မြောက်ဥက္ကလာ အဝိုင်းနား က KBZ က ငွေထုတ်ပြီးပြန်လာတာပါ။ ထုတ်တဲ့သူများတယ် ငွေမရပါဘူး။ ထုတ်မရလို့ပြန်သွားရတဲ့သူတွေရှိတယ်။ ကျွန်မက သိန်းငါးဆယ်ထုတ်တာ ဆယ်သိန်းသာထုတ်ပေးပါတယ်”ဟု မြောက်ဥက္ကလာပတွင်နေထိုင်သူတစ်ဦးကပြောသည်။
စစ်ကောင်စီက ပြည်သူများအား လိုအပ်သည်ထက်ပို၍ဘဏ်များမှ ငွေသားထုတ်ယူပါက ထုတ်ယူရသည့် ရည်ရွယ်ချက် နှင့် သုံးစွဲမည့်နေရာတို့ကို သံသယဖြစ်ဖွယ်ရှိ၍ စောင့်ကြည့်ခြင်းခံရနိုင်ဖွယ်ရှိသည် ဟုစစ်ကောင်စီဝါဒဖြန့် မီဒီယာများမှတစ်ဆင့် လူထုခြိမ်းခြောက်ထားသည်။
မိမိငွေ မိမိပြန်ထုတ်သည့်အပေါ် စစ်ကောင်စီကထိုသို့ခြိမ်းခြောက်ထား၍ ပြည်သူများက ပြင်းထန်စွာဝေဖန်နေကြသည်။
လက်ရှိတွင် ဘဏ်များတွင် ငွေသားထုတ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားရုံသာမက ATM စက်များမှာ ငွေသားထုတ်ယူမှုကိုပါ ကန့်သတ်ထားသည်ဟု ငွေထုတ်ယူသူများကပြောသည်။
“ဒီနေ့ ATM ငွေထုတ်တာမရလို့ ငွေပြတ်နေတာလားမေးတော့ ငွေမပြတ်ဘူး လိုင်းကျနေတယ်ပဲအမြဲပြန်ဖြေတယ်။ ငွေပမာဏတွေကျစစ်လိုရတယ် စက်ကအကုန်လုပ်ရပြီးငွေထုတ်တာတစ်ခုပဲမရတာ”ဟု မြောက်ဥက္ကလာ KBZဘဏ်တွင် ငွေထုတ်ခဲ့သူတစ်ဦးကပြောသည်။

ထိုအတူ ATMစက်များတွင် ငွေပြတ်လေ့မရှိသည့် Junction City တွင် ATMစက်များ ယမန့်နေ့ (နိုဝင်ဘာ ၁၉ ရက်)ကစတင်ပြီးငွေပြတ်နေသည်ဟု သုံးစွဲသူများကပြောသည်။
KBZ ATM စက်များက ဝန်ဆောင်မှုပြင်ပတွင်ရောက်နေသည်ဟုဆိုပြီး AYA ATMစက်များက ငွေသားထုတ်၍မရကြောင်း စက်များတွင် ဖော်ပြထားကြသည်။
စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းဘဏ်များ ပုံမှန်လည်ပတ်နေကြောင်းနှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေရေးကြေးရေးအလုံအလောက်ရှိသည်ဟုဆိုသည်။ထိုအပြင်ငွေသားထုတ်ယူမှုကိုကန့်သတ်ချက်မရှိကြောင်းလည်းဆိုထားသည်။
သို့သော်ဘဏ်ငွေအပ်ထားသောပြည်သူများမှ ငွေပြန်ထုတ်သူများနေပြီး ငွေထုတ်ရာတွင် အခက်အခဲ ကြုံနေခြင်းဖြစ်သည်။
