တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများအား လေကြောင်းတိုက်ခိုက်ရာတွင် အဓိကအသုံးပြုသော စစ်ကောင်စီ၏ တောင်ငူလေတပ် စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်းငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“BWM နှင့် မဟာမိတ်အဖွဲ့သည် ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူအားရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်သည်”ဟု BWMက ထုတ်ပြန် ထားသည်။
မတ်လ ၁၄ရက် ည ၉ နာရီ ၄၄ မိနစ်တွင် BWM အဖွဲ့၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တောင်ငူလေတပ်စခန်းအတွင်းသို့ (၁၀၇) မမ ရှော့တိုက်ဒုန်းငါးလုံး ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို သုံးလုံး ထိခဲ့ပြီး နှစ်လုံးမှာ ပစ္စည်းချို့ယွင်းမှူဖြစ်ခဲ့သည်ဟု ၎င်းကပြောသည်။
“နောက်ဆက်တွဲသတင်းအနေနဲ့ထပ်ပြောရမယ်ဆိုရင် ကျနော်တို့ပစ်လိုက်တဲ့ ငါးလုံးထဲက သုံးလုံးစလုံးလေတပ်စခန်းထဲကျရောက်သွားပါတယ်၊ နှစ်လုံးက ပစ္စည်း Error တက်ခဲ့ပါတယ်၊ ကျရောက်တဲ့သုံးလုံးထဲက တစ်လုံးက လေယဥ်ကိုထိတယ်လို့သိရတယ်၊ နောက်တစ်လုံးက လက်နက်တပ်ဆင်ရုံနားကျရောက်သွားတယ်လို့သိရတယ်၊ နောက်တစ်လုံးက ဆီသိုလှောင်ရုံနဲ့မလှမ်းမကမ်းကိုကျရောက်တယ်လို့သိရပါတယ်၊” ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ် ထိမှန်ခြင်းရှိ၊မရှိ နှင့် ပျကိစီးမှု ရှိ၊မရှိ အခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ယင်းစစ်ဆင်ရေးတွင်ပါဝင်သည့် မြေပြင်ရဲဘော်များအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။
“အစစ်အဆေးသတင်းဘာမှမကြားရသေး၊ ညက ပစ်ခါနီးမှာတင် ဂျက်ဖိုက်တာသုံးစင်းလားမသိဘူး တက်သွားတယ်သိရတယ်၊” ၎င်းက ပြောသည်။
အထက်ပါတောင်ငူလေတပ်စခန်းကို KNU တပ်မဟာ(၂)၊ KNLA သံတောင်မြောက်ပိုင်းအထူးဒေသ၊ ကြားသံလုံးစစ်ကြောင်းနှင့် ပူး ပေါင်းအဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင် ဘာ ၁ ရက်နေ့တွင် မောင်းသူမဲ့ယာဥ်အသုံးပြုကာ ပြင်းအားမြင့်ဗုံးသီးနှစ်လုံးကျဲချ တိုက် ခိုက်ခဲ့သေးသည်။
အလားတူ တောင်ငူမြို့နယ်တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်လျှက်ရှိရာ မတ် ၁၂ ရက်နေ့ညပိုင်းက တောင်ငူမြို့အနီး၊ ဒီဇိုင်းကျေး ရွာအုပ်စု လှည်းလမ်းကူးရွာ ရွှေမင်းဦးကျောင်းတိုက်၌ တပ်စွဲထားသော စစ်ကောင်စီတပ်လုံခြုံရေးဂိတ်ကို ဒေသဆိုင်ရာ မြို့ပြအထူးပြောက်ကျားတပ်ဖွဲ့က မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
BWM အဖွဲ့သည် ဇန်နဝါရီ ၂၃ရက်ကလည်း မြို့ပြအထူးစစ်ဆင်ရေး (U.S.O) ၊Security and Special Task Force (SSTF – MDY)တို့နှင့် ပူးပေါင်း၍ မန္တလေးမြို့ တံတားဦးလေဆိပ်ကို (၁၀၇) မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။