စက်တင်ဘာ-၁၊၂၀၂၆။တေဇ/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။
ဒီနေ့(စက်တင်ဘာ ၁) မနက် ၆ နာရီလောက်မှာ တောင်ငူမြို့ ၉ ရပ်ကွက် ပေါ်တော်မူဘုရားအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မန္တလေးဘက်ကို မောင်းလာတဲ့ ဆီဘောက်ဆာ နဲ့ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ကွန်တိန်နာ တိုက်ခဲ့တာဖြစ်ပြီး ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ခဲ့တာပါ။
ဆီဘောက်ဆာကား မီးလောင်ရာကနေ လမ်းဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုပါ မီးကူးခဲ့ပြီး မီးသတ်နဲ့ ဒေသခံ ပရဟိတအဖွဲ့တွေက နှစ်နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement
“တောင်ငူမှာရွှေဘိုလေးကွေ့ကယာဉ်တိုက်မှုအများဆုံးနေရာဖြစ်ပါတယ်။ ကားကြီးသမားများအထူးသတိရှိဖို့လိုအပ်ပါတယ်” လို့ ဒေသခံတစ်ဦးက သတိပေးထားပါတယ်။
ဒီဖြစ်စဉ်မှာ လူထိခိုက်မှုတော့မရှိဘူးလို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပေမယ့် ဘုန်းကြီးကျောင်းကို မီးကူးစက်တဲ့ အကြောင်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။


















































