စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်ဆိုင်သည့် မန္တလေးမြို့ရှိ ရတနာပုံခန်းမကို (၁၀၇) မမရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD အဖွဲ့ တာဝန်ခံ ကိုချာလီက ပြောသည်။
“ခန်းမက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်ပြီး ခေါင်းဆောင် အကြီးပိုင်းများ အစည်းအဝေး ပြုလုပ်ခြင်း၊ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း၊ စကစနောက်လိုက် ဝန်ထမ်းများအား ဝါဒဖြန့်ရန် အသုံးပြုလျက်ရှိသော အရေးပါသော ခန်းမနေရာ ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မတ်လ ၁၉ရက် နံနက် ၄ နာရီခွဲခန့်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈လမ်း စစ်တပ်ဝင်းအတွင်း တည်ဆောက်ထားသော ရတနာပုံခန်းမကို ၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးကို No More Dictatorship People Defence Force_ NMD နှင့် Security & Special Task Force (SSTF-MDY)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။
ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

Public Service Announcement
” မနက်ပိုင်းကတော့ ခန်းမပတ်ပတ်လည်ပိတ်ထားပြီး လာသမျှဆိုင်ကယ်တွေ အကုန်စစ်တယ်ဗျ။ ကျန်တဲ့ အထိအခိုက်အပျက်အစီးကတော့ စုံစမ်းတုန်း ပါ။ မင်းအောင်လှိုင်သားပိုင်တာဆိုတော့ သတင်းကဖုံးထားလောက်တယ်” ဟု ကိုချာလီက ပြောသည်။
ယင်းစစ်ဆင်ရေးတွင် ပစ်မှတ်ကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့သောကြောင့် အထိအခိုက်များနိုင်ပြီး ယင်းစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်သည့် အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုမှ ပေါက်ကွဲသည့်အသံကို မန္တလေးမြို့ရှိနေရာတော်တော်များများ၌ ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“၇၈လမ်းက ပေါက်တာ။ ၅၈လမ်းထိ ကြားရတယ်။ အဲ့ချိန်တရေးနိုးနေလို့ ကြားလိုက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
“နောက်ထပ် ဗျူဟာမြောက်သော မစ်ရှင်များကို ဖော်ဆောင်ဖို့ ပြည်သူများရဲ့ အထောက်အပံ့များ လိုအပ်လျက်ရှိပါသောကြောင့် ကျွန်တော်တို့အဖွဲ့အနေဖြင့်ပြည်တွင်းပြည်ပ ထောက်ပို့ပြည်သူများခေါ်ယူလျက်ရှိပါတယ်”ဟု မစ်ရှင်များပိုမိုလုပ်ဆောင်နိုင်ရန် ထောက်ပို့များလိုအပ်နေကြောင်းနှင့်ပတ်သက်ပြီး ကိုချာလီက ပြောသည်။
၂၀၂၁ ဒီဇင်ဘာ ၂၁ရက်ကလည်း အဆိုပါ ခန်းမအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
