▪︎မြန်မာ့အရေးအသုံးစရိတ်မှာ ပဋိပက္ခဖြစ်နေသော အခြားနိုင်ငံများအတွက် အမေရိကန်သုံးစွဲသည့် ပမာဏ၏ ပြောပလောက်သည့် ပမာဏမဟုတ်ဟု Democracy Activist တစ်ဦးသုံးသပ်
▪︎စစ်အာဏာသိမ်းမှုအပြီး မြန်မာပြည်အတွက် အမေရိကန်၏ အသုံးစရိတ် သန်း ၄၀၀ နီးပါးရှိလာ
အမေရိကန်ပြည်ထောင်စု၏ ၂၀၂၄ ခုနှစ် အစိုးရအသုံးစရိတ်တွင် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း သတ်မှတ်လျာထားကာ စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း မြန်မာနိုင်ငံအတွက် အသုံးစရိတ် သန်း ၄၀၀ နီးပါး ရှိလာကြောင်း သိရသည်။
အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံအတွက် အထက်ပါအသုံးစရိတ်လျာထားချက် ဒေါ်လာ ၁၂၁ သန်းအပြင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအစီအစဥ်များ(GHP)၏ ခွဲတမ်းမှ ဒေါ်လာ ၄၆.၁ သန်းလည်း ရရှိမည်ဖြစ်၍ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၆၇.၁ သန်း လျာထားသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ စီးပွားရေးဆိုင်ရာထောက်ပံ့မှုရန်ပုံငွေမှတဆင့် ရရှိမည့် ဒေါ်လာ ၁၂၁ သန်း အသုံးစရိတ်တွင် ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တာဝန်ခံစေရေး၊ (စစ်အုပ်စု၏)ရက်စက်ကြမ်းကြုတ်မှုနှင့် တာ၀န်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ စစ်တပ်ကို စွန့်ခွာလာသူများကို ကူညီပံ့ပိုးရေး၊ နည်းပညာပံ့ပိုးမှုနှင့် စစ်လက်နက်မဟုတ်သော အထောက်အပံ့ပေးအပ်ရေး၊ နယ်စပ်ဖြတ်ကျော်အစီအစဥ်များ၊ အုပ်ချုပ်မှု/ဖက်ဒရယ်ရေးရာအစီအစဥ်များ၊ လက်ရှိနှင့် ယခင်နိုင်ငံရေးအကျဥ်းသားများကို ထောက်ပံ့ရေး စသည့် ကဏ္ဍများအတွက် ပါဝင်ကြောင်း တွေ့ရသည်။

Public Service Announcement
အထက်ပါကဏ္ဍများအနက် ထိုင်းနှင့် အိန္ဒိယအပါအဝင် နယ်စပ်ဖြတ်ကျော်အစီအစဥ်များနှင့် အထောက်အပံ့များအတွက် ဒေါ်လာ ၇၅ သန်းဖြင့် အများဆုံးသုံးစွဲမည်ဖြစ်ပြီး နည်းပညာပံ့ပိုးမှုနှင့် စစ်လက်နက်မဟုတ်သောအထောက်အပံ့ပေးရေးအတွက် ဒေါ်လာ ၂၅ သန်း လျာထားသည်။ လျာထားချက်တွင်တတိယအများဆုံးမှာ အုပ်ချုပ်မှု/ဖက်ဒရယ်ရေးရာအစီအစဥ်များအတွက်ဖြစ်ပြီး ဒေါ်လာ ၁၀ သန်းဖြစ်သည်။
အထူးသဖြင့် နည်းပညာပံ့ပိုးမှုနှင့် စစ်လက်နက်မဟုတ်သောအထောက်အပံ့ပေးအပ်ရေးအတွက် ဒေါ်လာ ၂၅ သန်းသည် ဒီမိုကရေစီမြှင့်တင်ရေးအင်အားစုများကို ပိုမိုတိုက်ရိုက်အကူအညီပေးရေးအတွက် အမေရိကန်အစိုးရကို ပြတ်သားစွာ တွန်းအားပေးထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်လက်နက်မဟုတ်သော အကူအညီအမျိုးအစားမှာ BURMA Act က ပြဌာန်းထားခြင်းဖြစ်ပြီး တိကျသည့် ရန်ပုံငွေဖော်ပြချက် မပါရှိပေ။ စစ်လက်နက်မဟုတ်သောအထောက်အပံ့ကို ဆက်သွယ်ရေးပစ္စည်း သို့မဟုတ် အရပ်သားများအား ကာကွယ်နိုင်ရန် ကြိုတင်အချက်ပေးစနစ်များကဲ့သို့သော မည်သည့်ပုံစံကိုမဆို သတ်မှတ်နိုင်ကြောင်း သိရသည်။
အခြားသော အထင်ကရပြောင်းလဲမှုများထဲမှ တစ်ခုမှာ ယခင်နှစ်အသုံးစရိတ်တွင် ဖော်ပြခြင်းမရှိသည့် အိန္ဒိယတွင် ကူညီပံ့ပိုးမှုနှင့် နယ်စပ်ဖြတ်ကျော်အစီအစဥ်များအတွက် ပြတ်သားရှင်းလင်းသည့် ပါဝင််လာမှုဖြစ်သည်။ UNHCR က စစ်အာဏာသိမ်းမှုအပြီး ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည် ၅၉၀၀၀ ရှိကြောင်းခန့်မှန်းထားသဖြင့် ယင်းအတွက် ဖြည့်ဆည်းပေးခြင်းလည်းဖြစ်သည်။
အမေရိကန်က ချမှတ်လိုက်သော ဒေါ်လာ ၁၂၁ သန်းဆိုသည်မှာ ပဋိပက္ခဖြစ်နေသော အခြားနိုင်ငံများအတွက် အမေရိကန်သုံးစွဲသည့် ပမာဏ၏ ပြောပလောက်သည့် ပမာဏမဟုတ်သော်လည်း မြန်မာပြည်သူများအတွက် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ပါဝင်မှု၊ ထောက်ပံ့မှုက များပြားကြောင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ(Democracy Activist) မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။
“အမေရိကန်ပေးတဲ့ ပိုက်ဆံကလည်း တကယ့်ကို ပြည်တွင်းမှာ လိုအပ်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးရာလုပ်ငန်းတွေကို ရောက်ဖို့အတွက်ကလည်း ကျွန်မတို့ အများကြီး ဝိုင်းဝန်းတိုက်တွန်းဖို့ လိုနေပြန်တယ်ဆိုတာ မြင်ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဥရောပသမဂ္ဂနှင့် အခြား ချမ်းသာသည့် ဒီမိုကရေစီနိုင်ငံများအနေဖြင့်လည်း ယခုလိုမျိုး လုပ်ငန်းများတွင် အမေရိကန်၏ ခြေရာကို လိုက်လာနိုင်ရန် များစွာ နှိုးဆော်တိုက်တွန်းမှုများလုပ်ဆောင်ရမည်ဟု မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
