Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအိုးဘိုအကျဥ်းထောင်၌ ထောင်ဝန်ထမ်းများဝိုင်းရိုက်၍ နိုင်ငံရေးအကျဥ်းသားတစ်ဦးကျဆုံး

ကိုထက်ရန်နိုင်အား နေ့လယ် ၁ နာရီကျော်‌မှသာ မန္တလေးဆေးရုံကြီးသို့ လွှဲပေးခဲ့ပြီး ဆေးရုံကြီး၌ ကျဆုံးခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်(ခ)ထက်ထက်အား ဖမ်းဆီးခံထားရစဥ်က တွေ့ရစဥ်။ ဓာတ်ပုံ-PPNM
ကျဆုံးခဲ့သော နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်(ခ)ထက်ထက်အား ဖမ်းဆီးခံထားရစဥ်က တွေ့ရစဥ်။ ဓာတ်ပုံ-PPNM

ဇေအောင်/People’s Spring

မန္တလေးအိုးဘို ဗဟိုအကျဉ်းထောင်၌ စစ် ကောင်စီ၏ အကျဉ်းဦးစီးဝန်ထမ်းများ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဇွန်လ၂၀ရက် နံနက် ၇ နာရီခန့်က မန္တလေးအိုးဘိုအကျဥ်းထောင်ရှိ အမျိုးသားအိပ်ဆောင်(၃)တွင် မတရား ပြစ်ဒဏ်ကျခံနေရသည့် (၂၃)နှစ်ခန့်ရှိ နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက်သည် အခန်းစာရေးအဖြစ် လုပ်ကိုင်နေသည့် အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေစဥ်တွေ့ရှိ၍ အကျဉ်းထောင်ဝန်ထမ်းများအား တိုင်တန်းရန်ကြိုးပမ်းခဲ့သည်။

ထိုသို့ တိုင်တန်းရန်ကြိုးပမ်းမှုကို အခန်းစာရေးအကျဉ်းသားက မကျေနပ်ဘဲ အဆောင်(၃)၏ ဒုအဆောင်မှူးတပ်ကြပ်ဇေယျာအောင်ထံ ကိုထက်ရန်နိုင်အား လီဆယ်၍ တိုင်တန်းခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်ကြပ်ဇေယျာအောင်က ဖြစ်စဥ်ကို သေချာစွာ မစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများမှ ဝါးဆစ်ပိတ်တုတ်များ၊သံတုတ်များ၊ကျင်စက်များဖြင့် ကိုထက်ရန်နိုင်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က စုံစမ်းသိရှိခဲ့သည်။

အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်နှိပ်စက်မှုများကြောင့် ကိုထက်ရန်နိုင်မှာ ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီးနောက် သတိလက်လွတ်ပြီး ကယောင်ကတမ်းဖြစ်လာခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီခန့်၌ ကိုထက်ရန်နိုင်ကို ကြိုးတုပ်ကာ ထောင်ဆေးရုံဘက်သို့ ခေါ်ဆောင်သွားခဲ့သော်လည်း ဆေးဝါးကုသမှုလုံလောက်စွာ မပေးဘဲ ဆေးရုံဝင်းအတွင်းရှိ အရူးတိုက်တွင် ပိတ်လှောင်ထားခဲ့ကြောင်း PPNMက အသိပေးသည်။

ကိုထက်ရန်နိုင်အား နေ့လယ် ၁ နာရီကျော်‌မှသာ မန္တလေးဆေးရုံကြီးသို့ လွှဲပေးခဲ့ပြီး ဆေးရုံကြီး၌ ကျဆုံးခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“သူ့ကိုဝိုင်းဝန်းရိုက်နှက်နေတဲ့အချိန်မှာ အော်ဟစ်အကူအညီတောင်းခံမှုတွေ ပြုခဲ့ပါတယ်။ သူ့ကိုမိန်းဂျေးခေါ်ပြီးမှ ဝါးဆစ်ပိတ်တုတ်တွေနဲ့ရိုက်တဲ့အချိန်မှာ သူ့အသက်ကလွတ်အောင်လို့ ပုဆိုးတောင်မကပ်နိုင်ဘဲနဲ့ အကူအညီအော်ဟစ်တောင်းဆိုပြီးမှ ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးခဲ့ပေမယ့်နံရံလေးဘက်ရဲ့တံတိုင်းအပြင်ကို မထွက်ပြေးနိုင်တဲ့အတွက် အကျဥ်းထောင်ထဲမှာပဲသေလုမျောပါး ရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုထက်ရန်နိုင်(ခ)ထက်ထက်သည် စစ်ကိုင်းဒေသခံတစ်ဦးဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက မတရားဖမ်းဆီးပြီး ၅၂(က)ဖြင့် ထောင်ဒဏ်(၄)နှစ်အမိန့်ချခံခဲ့ရသူဖြစ်သည်။ ဖမ်းဆီးခံရစဉ်အချိန်မှစ၍ အကျဉ်းထောင်တွင်း နေထိုင်ရစဉ်တွင်လည်း ကျန်းမာရေးကောင်းမွန်သူ တစ်ဦးဖြစ်ပြီး ရောဂါကင်းရှင်းသူတစ်ဦးဖြစ်ကြောင်း PPNMက ထပ်မံအသိပေးသည်။

ကိုထက်ရန်နိုင်(ခ)ထက်ထက်အား အကျဉ်းထောင်အတွင်း၌ ဥပဒေမဲ့ ရည်ရွယ်ချက် ရှိရှိ သတ်ဖြတ်စေရန် အမိန့်‌ပေးစေခိုင်းသူ၊ ပူးပေါင်းပါဝင်၍ ကျူးလွန်ခဲ့သူများကို ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ ပေးနိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတိပေးထားသည်။

ယခုနှစ်အတွင်း စစ်ကောင်စီက အကျဥ်းထောင်နှင့်ထောင်ပြင်ပ၌ နိုင်ငံရေးအကျဥ်းသား ကိုးဦးအား သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ မှတ်တမ်းများအရ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။