အင်ကြင်း/People’s Spring
တော်လှန်ရေးတပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းရှိမြို့များကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာပြီးနောက် စစ်ကောင်စီကမန္တလေးမြို့တွင် ခံစစ်အတွက် ပြင်ဆင်နေပြီး အရေးပေါ်အသုံးပြုရန်အတွက် ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုပါ ပြန်လည်ပြင်ဆင်နေသည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မန္တလေးမြို့တွင် စစ်ကောင်စီက ခံစစ်အတွက် ပြင်ဆင်ခဲ့ရာ ယခုသြဂုတ်လဆန်းပိုင်းတွင် ပြင်ဆင်မှုများ အရှိန်မြှင့်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးနန်းမြို့ကျုံးမြို့ရိုးပတ်လည် အုတ်ရိုးများကြားတွင် စစ်ကောင်စီက သဲအိတ်များညှပ်၍ ဘန်ကာများ ပြုလုပ်လာသည်။ ထို့အပြင် ကျုံးအနီးရှိ ချမ်းအေးသာစံမြို့နယ် လျှပ်စစ်ရုံးတွင်လည်း အင်အားထပ်တိုးချထားပြီး ကျုံးပတ်လည်နှင့် မြို့တွင်း အထပ်မြင့်တိုက်များတွင်ပါ တပ်စွဲရန် ပြင်ဆင်နေကြောင်း မန္တလေးမြို့ခံများက ပြောသည်။
“မိန်းလမ်းကျတဲ့ ၇၈ လမ်းပေါ် ဘူတာကြီးနားက ဆောက်လက်စအထပ်မြင့်တိုက်တွေပေါ်မှာလည်း လိုအပ်ရင် တပ်စွဲမယ်ဆိုပြီး ပြောနေတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
“ကျုံးမြို့ရိုးပေါ်တွေကို သူတို့သဲအိတ်တွေချတယ်။မန္တလေးတောင်ပေါ်မှာလည်း လက်နက်ကြီးပစ်နိုင်ရေး သူတို့ကြိုးစားနေတယ်။ ပြီးမပြီးတော့ မသိသေးပါဘူး။ ဗျူဟာကျတဲ့အထင်ကရနေရာ တိုက်အမြင့်တွေကိုလည်း တပ်စွဲဖို့အကြောင်းကြားစာပေးထားပါတယ်။ အရေးပေါ်လိုအပ်တဲ့အခါ အသုံးပြုဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုလည်းမွမ်းမံနေကြတယ်။”ဟု မန္တလေးမြို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေသည့် ရွှေဘိုခရိုင်တပ်ရင်း(၁၅)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောဂျွန်က ပြောသည်။
ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းသည် မန္တလေးမြို့တောင်ဘက်ခြမ်း၊ ၇၈လမ်း (ရန်ကုန်-မန္တလေးလမ်း)တွင်ရှိပြီး အချက်အချာကျသောနေရာတစ်ခုဖြစ်သည်။
ထို့အပြင် မြို့ပေါ်ရဲစခန်းအသီးသီးတွင်လည်း ဘန်ကာများ တည်ဆောက်ထားကြောင်း မန္တလေးမြို့ခံများက ပြောသည်။
အလားတူ ရပ်ကွက်ရုံးအချို့၌ စစ်ကောင်စီတပ်သားများအင်အား၂၀ ကျော် ထိတပ်စွဲလာပြီး မြို့အဝင်၊ အထွက်များကိုပါ အချိန်ပြည့်စစ်ဆေးနေကြောင်း၊ နေ့ခင်းဘက်တွင်လည်း ရပ်ကွက်များအတွင်းပါ ဧည့်စာရင်းလိုက်စစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“မြို့ပြစစ်ဆင်ရေးတွေကလည်း စစ်တပ်အတွက် စိန်ခေါ်မှုကြီးပါတယ်။ အစဥ်တစိုက် တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားခဲ့တော့မြို့ကြီးတွေဆိုတာ ခုမှ စပြီး သူတို့ပြင်ဆင်နေရတာပါ။”ဟု ရွှေဘိုခရိုင်တပ်ရင်း (၁၅)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောဂျွန်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေး PDFနှင့်ပူးပေါင်းတပ်များသည် မန္တလေးတိုင်းအတွင်း၌ စဥ့်ကူးနှင့်မိုးကုတ်မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။
သပိတ်ကျင်းနှင့်မတ္တရာမြို့တွင်လည်း PDF များက စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားသည်။ထို့အပြင် မန္တလေးမြို့နှင့် ၅ မိုင်ခန့်အကွာ ပုသိမ်ကြီးမြို့နယ်၌ပါ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီဖြစ်သည်။
မန္တလေးတိုင်းအတွင်းရှိ စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့တွင်လည်း တိုက်ပွဲဖြစ်မည်ဟုသတင်းထွက်ပေါ်နေ၍ စစ်တပ် မိသားစုဝင်များအပါအဝင် ငွေကြေးတက်နိုင်သော ပြည်သူများမှာ သြဂုတ် ၇ရက်ကစင် ပြောင်းရွှေ့နေကြသည်။ ယနေ့တွင် ပြင်ဦးလွင်မြို့မှ ထွက်ခွာသူများပြားသဖြင့် ပြင်ဦးလွင် – မန္တလေး အဆင်းလမ်းပိုင်းတွင် ကားများရာနှင့်ချီပိတ်မိနေသည်။