စစ်အုပ်စုက ရာဇဝတ်မှုများကျူးလွန်ရာတွင် ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ် ၁၀ စီးကို အသုံးပြုနေပြီး ထိုသို့အသုံးပြုရန် ကူညီပေးနေသည့် ကမ္ဘာတဝန်းရှိ ကုမ္ပဏီ ကွန်ရက်ကို Justice For Myanmar-JFMက ယနေ့(သြဂုတ် ၂၉) ထုတ်ဖော်လိုက်သည်။
ATRလေယာဉ်များကို စစ်အုပ်စုက စစ်သားနှင့် စစ်လက်နက်များ သယ်ဆောင်ခြင်း၊ ဝေဟင်ထောက်လှမ်းခြင်းနှင့် ကင်းထောက်လုပ်ငန်းများအတွက် အသုံးပြုနေသည်ဟု JFMက ဆိုသည်။
နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် စစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခြင်းနှင့် ရောင်းချရာတွင်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများကိုရှောင်လွှဲရန် နောက်ဆုံးလက်ဝယ်ရှိသူများကို ဖုံးကွယ်ပေးထားသည်ဟု JFMကဖော်ထုတ်ထားသည်။

Public Service Announcement
ကုမ္ပဏီအချို့ကလည်း လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများကို ကူညီခဲ့သည်ဟုလည်းသိရသည်။
ထိုထဲတွင် ပြင်သစ်နိုင်ငံရှိ ATRနှင့် Sabena Technics ၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများက လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးခြင်း၊အပိုပစ္စည်းများရောင်းချပေးခြင်း နှင့် ATR လေယာဉ်များမောင်းနှင်နိုင်ရန် စစ်ကောင်စီလေသူရဲများသင်တန်းပေးခြင်းတို့ဖြင့် စစ်ကောင်စီကို ကူညီနေသည်ဟုလည်း JFMကဖော်ပြထားသည်။ ထိုလုပ်ဆောင်ချက်များကို အီးယူကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ထားသည့် ၂၀၁၈ခုနှစ်အတွင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ လေယာဉ်အပိုပစ္စည်းရရှိရန် စင်ကာပူကုမ္ပဏီများကလည်း ကူညီနေသည်ဟုလည်း JFMက ဆိုထားသည်။
ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) သည် စစ်တပ်အာဏာမသိမ်းခင်က ATR လေယာဉ်နှစ်စီး ဝယ်ယူ လွဲပြောင်းရာတွင်လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏အမည်ကို အသုံးပြုဝယ်ယူစေခဲ့သည်ဟုလည်း JFMကဆိုထားသည်။ Air KBZကလည်း အရပ်ဘက်သုံးATRနှစ်စီးကို စစ်အုပ်စုထံငှားရမ်းခဲပြီး စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တခုကို ဖန်းတီးပေးခဲ့သည်ဟုဆိုသည်။
24 Hour Group ကုမ္ပဏီ အုပ်စု ဥက္ကဌသည် စစ်တပ်နှင့် နီးကပ်သည့် ခရိုနီလုပ်ငန်းရှင် ဦးအောင်အောင်ဇော်ဖြစ်သည်။ ထိုကုမ္ပဏီအုပ်စုက ခရိုနီဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင် Air KBZ နှင့် MAI တို့ကို လုပ်ငန်းလည်ပတ်လုပ်ကိုင်ပေးနေပြီး ဦးအောင်ကိုဝင်းနှင့် ဦးအောင်အောင်ဇော်ပတ်သက်ဆက်နွှယ်မှုကို ရှင်းလင်းစွာမသိရသေးပေ။ သို့သော် 24 Hour Group general Service company ဒါရိုက်တာအဖွဲ့တွင်မူ အခြားခရိုနီတစ်ဦးဖြစ်သော ဧရာဟသာ်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးဇော်ဝင်းရှိန် ပါဝင်ခဲ့ကြောင်းသိရသည်။
International Gateways Group ကိုလက်နက်ပွဲစား ဦးနိုင်ထွဋ်အောင် ၏ ကုမ္ပဏီအုပ်စုဖြစ်သည်။
ထိုအပြင် လက်နက်ပွဲစားဂျော်နသန်းကျော်သောင်း၏ KT Groupသည် စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့သည်ဟု လည်းစုံစမ်းဖော်ထုတ်ထားသည်။
ခရိုနီ ဦးတေဇ ၏ ထူးကုမ္ပဏီအုပ်စုကလည်း စစ်ကောင်စီအတွက် အခြား ATRလေယာဉ်များကို ဝယ်ယူပေးခဲ့ပြီး စစ်ကောင်စီအတွက် ATRခြောက်စီးအတွက် ပြုပြင်ထိန်းသိမ်းရေးများလုပ်ဆောင်ပေးနေသည်ဟုသိရသည်။
“မြန်မာစစ်အုပ်စုက ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေတဲ့ ဆယ်စီးထက်မနည်းရှိတဲ့ ATR လေယာဉ်တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။အရေးယူဆောင်ရွက်မှုတွေမှာ စစ်အုပ်စုရဲ့ ATR လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ လေ့ကျင့် သင်ကြားမှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ဖို ပါဝင်ရမှာ ဖြစ်ပါတယ်။” ဟု Justice For Myanmarမှ မရတနာမောင်ကပြောသည်။
စစ်အုပ်စုနှင့် ပွဲစားများက လေယာဉ်အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ် ဝန်ထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများရရှိနေမှုကို အရေးတကြီးပိတ်ပင်ရန် အစိုးရများကို JFMက တောင်းဆိုတိုက်တွန်းလိုက်သည်။
ထိုပြင်24 Hour Group၊ KT Group၊ International Gateway Group နှင့် Htoo Group တိုအပါအဝင် စစ်တပ်၏ ATR လေယာဥ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ဟုလည်းဆိုထားသည်။
