Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲချက်ချင်းရပ်ရန် တရုတ်က TNLAကို ခြိမ်းခြောက်ထားသော်လည်း တောင်ခမ်း၌ တိုက်ပွဲဆက်ဖြစ်

တရုတ်ခြိမ်းခြောက်စာအပေါ် TNLA ဗဟိုကော်မတီဆွေးနွေးနေပြီး တုံ့ပြန်ခြင်းမရှိသေး

၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးအတွင်း တိုက်ပွဲဝင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တရုတ်အစိုးရက တိုက်ပွဲများချက်ချင်းရပ်ရန် ဖော်ပြထားသည့်စာကို လက်ခံရရှိကြောင်းနှင့် အဆိုပါ စာကိုအဖွဲ့တွင်းဆွေးနွေးနေကြောင်း တအာင်းတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပြောကြားခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ပြောသည်။

တရုတ်အစိုးရက ယမန်နေ့ (ဩဂုတ် ၂၉ရက်) နေ့စွဲဖြင့် TNLAထံသို့ ပေးပို့သည့်စာတွင် TNLA အနေဖြင့် တိုက်ပွဲများချက်ချင်းရပ်တန့်ရန် ဖော်ပြထားပြီး မရပ်ပါက တရုတ်ဘက်က ကြောက်ရွံ့ ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

အဆိုပါစာနှင့်ပတ်သက်၍ TNLA၏ သဘောထားကို မေးမြန်းရာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ဒီစာနဲ့ပတ်သက်ပြီးတော့မှ ကျမတို့ဆီကို လိပ်မူပြီးတော့တရုတ်အစိုးရက ပေးပို့တာ မှန်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျမတို့ TNLA ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။လက်ရှိမှာတော့ လောလောဆယ်မှာတော့ ကျမတို့ ဘာမှ တုံ့ပြန်ပြောဆိုခြင်းမရှိသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စာအပေါ်ဆွေးနွေးနေပြီး မည်သို့ လုပ်ဆောင်မည်ဆိုသည်ကို ပြောဆိုနိုင်ခြင်းမရှိသေးဟု ဖြေကြားသည်။

TNLAနှင့် စစ်ကောင်စီအကြား ယနေ့ စစ်ရေးအခြေအနေကို မေးမြန်းရာ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး တိုက်ပွဲဆက်ဖြစ်နေသည်ဟု ပြောသည်။

“ဒီကနေ့မှာတော့ နောင်ချိုဘက်မှာရှိတဲ့ တောင်ခမ်း မြောက်တပ် (၉၀၂)မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်။ ၂၈ရက်နေ့တုန်းက ကျမတို့ တောင်ခမ်းမှာရှိတဲ့ အမြောက်တပ် ၄၀၆နဲ့ ၂၀၆ မှာ ကျမတို့အပြီးသတ် တိုက်ခိုက်နိုင်ခဲ့တယ်။ သိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့ကျတော့ တောင်ခမ်းမှာ လက်ကျန်တပ်ရင်းဖြစ်တဲ့ အမြောက်တပ် (၉၀၂)နဲ့ (၃၅၄) တပ်ရင်းတွေကျန်မှာ ဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်ရင်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဟု TNLAက ယမန်နေ့ညပိုင်းတွင် အသိပေးထားသည်။

သြဂုတ် ၂၉ရက်တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်ရင်းနှင့် အမတ(၃၄၅) တပ်ရင်းအနီးတဝိုက်နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တရုတ်အစိုးရအနေဖြင့် TNLA နှင့် ကိုးကန့် တပ် (MNDAA)တို့ကို တိုက်ပွဲရပ်စဲရန် ဖိအားပေးမှုများ ရှိခဲ့ပြီး ယခုအခါ ခြိမ်းခြောက်သည့် သဘောထားများ ဖော်ပြသည့် စာပေးပို့လာခြင်းဖြစ်သည်။

တရုတ်ဘက်က TNLAထံ ခြိမ်းခြောက်စာ ပေးပို့မှုနှင့်ပတ်သက်ပြီး CDM အရာရှိ ဗိုလ်ကြီးဇင်ယော် က တရုတ်၏ ဖိအားပါလာပါက နယ်နိမိတ်မျဉ်းပေါ်၌ရှိနေသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့်လွန်ဆန်၍ မရသကဲ့သို့ နာခံစရာလည်းမရှိဟု ပြောသည်။

” ဒီလိုမျိုး ပြတ်သားတဲ့ စာမျိုးဆိုရင်တော့ တိုင်းရင်းသားတွေက အခုကျနော်တို့ ဗမာပြည် တပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်ကို ဝိုင်းပြီး ကူတိုက်ပေးနေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ အဲဒီတော့ဒီအခြေအနေမှာ ရပ်ရင် ဘာဖြစ်မလဲ။ စစ်ကောင်စီကိုအချိန်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာ တိုင်းရင်းသားတွေ သဘောထားရော လက်ရှိ နွေဦးမှာပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ရှိပါတယ်။ ဒီအချိန်မှာ သွားရပ်လို့တော့ မရပါဘူး။ ရပ်မယ်လည်း မထင်ပါဘူး အသွင်တမျိုးနဲ့ ပြန်ပြီး ထိုးစစ်ဆင်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ယခု TNLA ထံ တရုတ်အစိုးရ ပေးပို့သည့် စာသည် ကလေးအဆင့်စာသာဖြစ်သည်ဟုမြင်ကြောင်း ၎င်းက ဆက်ပြောသည်။

သဘောတရားရေးရာအရ စာထုတ်ပြန်ခြင်းရှိသကဲ့သို့ သဘောတရားရေးရာအရ ရပ်လိုက်မည်ဟု စာထုတ်ပြန်ခြင်းလည်းရှိနိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

TNLA ထံသို့ပေးပို့သည့်စာမျိုး တရုတ်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ ပေးပို့ခြင်းရှိ၊မရှိ အဖွဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ ပေးပို့ခြင်းမရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် တိုက်ပွဲသုံးရက်ဆက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

သတင်း

တိုက်ပွဲတွင် PCGခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရဟုဆို

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပြန်ဆုတ်သွားစဥ် ဒဏ်ရာရသူများကိုပါ ရေကြောင်းမှတဆင့် ပုလောမြို့ဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ပုလောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook