Connect with us

Hi, what are you looking for?

သတင်း

NUG ကစစ်ကိုင်းတိုင်းရှိ မြို့နယ် ၇ ခုခန့်မှ ပအဖများကို အ​ရေးယူထားဟုဆို

မြို့နယ်တစ်ခုတွင်ပအဖတစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားကာ စစ်ဆေးမှုများပြုလုပ်နေဟုဝန်ကြီး​ပြော

အီယိုရီ/People’s Spring

စစ်ကိုင်းတိုင်း မြို့နယ်တစ်ခုတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း နှင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၆ ခုခန့်တွင် ပအဖ အဖွဲ့ဝင်အချို့ကို အစားထိုးခန့်အပ်ရန် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

NUG ဝန်ကြီးဌာနသုံးခုက ယနေ့(စက်တင်ဘာ ၁၁ရက်) ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ ပြည်သူလူထုအကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်နေသည့် ပ-သုံးလုံး(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေကြောင်း အထက်ပါပြည်ထဲရေးဝန်ကြီးက ရှင်းလင်းစဥ် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။ သို့သော် တိုင်ကြားမှုရှိ၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေစဥ် ယာယီရပ်ဆိုင်းခံရသည်ဆိုသော ပအဖ မြို့နယ်အမည်ကို ဦးလွင်ကိုလတ်ကထုတ်​ဖော်ပြောကြားခြင်းမရှိပေ။

“အုပ်ချုပ်ရေးအဖွဲ့တစ်ခုနဲ့ပတ်သက်ရင်တော့ သူတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အုပ်ချုပ်ရေးတဖွဲ့လုံးကို လောလောဆယ် ရပ်ဆိုင်းထားတယ်ဆိုပေမယ့် တကယ်ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ တာဝန်ကို ရပ်ဆိုင်းရတာတော့ ၄/၅ ယောက်ပဲရှိတယ်။ဒါပေမဲ့ အုပ်ချုပ်ရေးတဖွဲ့လုံးကို အသစ်ကနေ ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်သာ အရေးပေါ်အုပ်ချုပ်ရေးဆိုပြီး ဖွဲ့စည်းဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူစစ်ကိုင်းတိုင်းအတွင်းရှိ ပအဖ အဖွဲ့ဝင်အချိုကိုအစားထိုးခန့်အပ်ရန် လုပ်ဆောင်နေသည်ဆိုသော မြို့နယ် ၆ခု၏ အမည်များကိုလည်းပြည်ထဲရေးဝန်ကြီးက ထည့်သွင်းပြောဆိုခြင်းမပြုပေ။

“တိုင်ကြားမှုတွေ ရှိလာရင် တိုင်ကြားမှုဖြစ်စဥ်တွေက ကနဦးစစ်ဆေးတာ ရှိပါတယ်။ ဒီဥစ္စာကတော့ တိုင်ကြားသူတွေကို လုံခြုံရေးအာမခံပေးပြီးတော့ အွန်လိုင်းကနေ ဝန်ကြီးဌာနကနေ တိုက်ရိုက် တိုင်ကြားမှုနဲ့ပတ်သက်ပြီးတော့ တိုင်ကြားသူရဲ့ အထောက်အထားတွေ၊ သက်သေတွေကို စုစည်းပါတယ်။ ဒါကိုလည်း လုံခြုံရေးကို အာမခံပြီးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် တိုင်ကြားမှု စစ်ဆေးတဲ့အဖွဲ့ကိုလည်း စိတ်ချရတဲ့သူနဲ့ ဗဟိုကနေပဲ တိုက်ရိုက်စစ်ဆေးတဲ့ပုံစံနဲ့ စစ်ဆေးပါတယ်။ ဒါကြောင့်မို့လို့ တချို့သောကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားချင်တယ်ဆိုရင် ဗဟိုကို တိုက်ရိုက်တိုင်ကြားပေးနိုင်ပါတယ်” ဟုဦးလွင်ကိုလတ်ကပြောသည်။

သို့သော် ပ-သုံးလုံးနှင့်ပတ်သက်၍ လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားထားသည့် အမှုပေါင်း ၈၀ခန့်ရှိပြီး ယင်းအနက် ၁၄ရာခိုင်နှုန်း(အမှု ၁၁.၂ခု)ကိုသာ အရေးယူ ကျန်အမှု ၇၀ နီးပါးမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဝန်ခံသည်။ ပအဖနှင့် ပလဖတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တယ်ပြီး ပကဖကို ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေသည်။

“စစ်တဲ့အခါမှာလည်းကြန့်ကြာမှုတွေက ကျွန်တော်တို့မှာ ရှိတယ်။ ပြဿနာက ဒီလိုမျိုးကိစ္စရပ်တွေကို ကျွန်တော်တို့ ခုံတွေဖွဲ့ပြီး စစ်ဆေးကြတဲ့အခါမှာ သက်သေဆိုင်ရာ (ထွက်ဆိုမှု)အားနည်းတဲ့အခြေအနေတွေ သွားတွေ့ရတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ထိုသို့ အားနည်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် NUG အနေဖြင့် တိုင်းဝန်ထမ်းယန္တရားကိုစတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်းနှင့် တိုင်းရုံးကို မြေပြင်မှာ ဖွင့်လှစ်ကာ ဝန်ကြီးဌာနမှ ဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့က မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့ပါဝင်သော လုံခြုံရေးကောင်စီအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ထားကြောင်း ဦးလွင်ကိုလတ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ဒီအစည်းအဝေးဆုံးဖြတ်ချက်ကိုလည်း စတင်ပြီးတော့ အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက်ကြောင့် တချို့ဝန်ကြီး၊ တချို့ဒုဝန်ကြီးတွေ တချို့ အတွင်းဝန်တွေဟာ စစ်ကိုင်းတိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ မြေပြင်က အနီးကပ် သေသေချာချာ ထိန်းကျောင်းကြပ်မတ်မှသာလျှင် ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့အတွက်လည်း အဆင်ပြေမှာဖြစ်သလို ဖြစ်နေတဲ့ပြဿနာတွေကို လက်တွေ့ကျကျရှင်းနိုင်ဖို့ဆိုရင်လည်း မှန်ပါတယ်။ ကျွန်တော်တို့သက်ဆိုင်ရာ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ မြေပြင်မှာ သေသေချာချာရုံးဖွင့်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါတွေက သမ္မတတို့၊ ဝန်ကြီးချုပ်တို့ လမ်းညွှန်မှုနဲ့အတူ အခုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ထမ်းများနှင့်ပတ်သက်၍ဖြစ်စေ၊ ပ-သုံးလုံး၏ ပြစ်မှုကျူးလွန်မှုများဖြစ်စေ၊ အခြားသော ရာဇဝတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ ဖြစ်စေ NUG ၏ တိုင်ကြားရေးယန္တရားများဖြစ်သည့် ဗဟိုတိုင်ကြားစာကော်မတီ(ကြားကာလအုပ်ချုပ်မှုဖော်ဆောင်ရေးကော်မတီ)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်ကြားစာကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ တိုင်ကြားစာကော်မတီ၊ အဆိုပါဝန်ကြီးဌာနနှစ်ခုပူးပေါင်းဖွဲ့စည်းထားသည့် တိုင်ကြားစာများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တို့ထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ အွန်လိုင်းမှတဆင့် တိုင်ကြားမည်ဆိုပါက https://mohai.nugmyanmar.org/ မှတဆင့် ‘အမှုဖွင့်တိုင်ကြားရန်’ ကို ရွေးချယ်တိုင်ကြားနိုင်မည် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook