Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့် သုံးဆယ်ပေးရွာအနီး စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ၍ ကလေးငယ်များအပါအဝင် ပြည်သူ ၆ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်တပ်က သုံးဆယ်ပေးကျေးရွာအား မီးတင်ရှို့နေသည်ကို အဝေးကတွေ့ရစဥ်။ ဓာတ်ပုံ-VOMDY

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သုံးဆယ်ပေးရွာသို့ ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက် ၂နာရီခန့်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ၆ ဦး သေဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။

အသက်အရွယ်မသိရသေးသည့် သားအမိ သုံးဦး၊ မြေးအဘွား နှစ်ဦး၊ (၈)နှစ်အရွယ်မိန်းကလေး တစ်ဦး၊ နို့စို့အရွယ်ကလေးငယ် တစ်ဦး၊ (၅)နှစ်(၆)နှစ်အရွယ် ကလေးငယ် နှစ်ဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိသည့်အနက် ကလေးငယ်များအပါအဝင် ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Voice Of Mandalay အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မတ္တရာမြို့နယ်အခြေစိုက် စစ်ရှောင်ပြည်သူများအား ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့ကလည်း ပြည်သူထိခိုက်သေဆုံးမှုများရှိကြောင်း အတည်ပြုသည်။

“သုံးဆယ်ပေးက ထိတွေ့ဖြစ်တယ်။ စကစက လက်နက်ကြီးနဲ့ထုတယ်။ သုံးဆယ်ပေးကို မီးတင်တယ်။ လက်နက်ကြီးကြောင့် ပြည်သူတွေ သေဆုံးတယ်။”ဟု ရောင်နီနွေဦး၏ တာဝန်ရှိသူက ပြောသည်။

ထိခိုက်သေဆုံးသူများ၏ အချက်အလက်အသေးစိတ်အား ထပ်မံအတည်ပြုရန် ကြိုးစားနေပြီး လက်တလော မသိရသေးပေ။

ထို့ပြင် ယနေ့ နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့်နှစ်ကြိမ်တိတိ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် သုံးဆယ်ပေးကျေးရွာအား မီးတင်ရှို့သွားပြီး တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“၃ နေရာလောက်ခွဲပြီး မီးတင်တယ်။ တနေကုန်နီးပါးမီးရှို့တာ။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

သုံးဆယ်ပေးကျေးရွာတိုက်ပွဲအား လက်နက်ကြီးပစ်ကူသံများအား မန္တလေးမြို့အနီးတဝိုက်ကပါ ကြားလိုက်ရပြီး မြို့တွင်းတိုက်ပွဲဖြစ်သည့်အထင်ဖြင့် နေရာအချို့တွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း မြို့ခံများက ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မကြားရကြောင်း ဒေသခံအချို့က ပြောသည်။

သုံးဆယ်ပေးကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး PDF ရဲဘော်များ ခိုအောင်းနေသည်ဟု စစ်ကောင်စီက စွပ်စွဲလေ့ရှိသည်။ ထို့အပြင် ယခင်ကတည်းက သုံးဆယ်ပေးရွာအား ရွှေချောင်းပျူစောထီးရွာနှင့် တောင်ပြုံးရွာဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

Facebook