People’s Spring
အထည်ချုပ်လုပ်ငန်းဟာ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက မြန်မာနိုင်ငံအတွက် အဓိက နိုင်ငံခြားငွေ ဝင်ပေါက်တစ်ခု ဖြစ်ခဲ့သလို အာဏာသိမ်းမှု အပြီးမှာလည်း ယိုင်နဲ့လာတဲ့ နိုင်ငံ စီးပွားရေးကို ဆက်လက် ထောက်ကန်ပေးထားတဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အရင်းအမြစ် တစ်ခုအနေနဲ့ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီလုပ်ငန်းကြီး လည်ပတ်ရာမှာ အဓိက တွန်းအားဖြစ်တဲ့ အထည်ချုပ် လုပ်သားတွေရဲ့ ဘဝကတော့ ပိုမိုကျပ်တည်းလာပြီး အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အပြင်းအထန် ခံစားနေရပါတယ်။
၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီဟာ အလုပ်သမား သမဂ္ဂတွေကို စနစ်တကျ ဖြိုခွင်းပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ရပ်တည်ဖွဲ့စည်းခွင့်တွေကိုလည်း တားဆီးခဲ့ပါတယ်။
အကျိုးဆက်အဖြစ် အထည်ချုပ် လုပ်သားတွေဟာ အဓမ္မ ခိုင်းစေမှုတွေ၊ အခွင့်အရေး ချိုးဖောက်မှုတွေ၊ လုပ်ခလစာ နည်းပါးမှုတွေအတွက် အရေးဆို တိုင်ကြားနိုင်မယ့် လမ်းစတွေ ပျောက်ဆုံးကုန်ပါတယ်။ Business and Human Rights Resource Centreဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ထိ အတောအတွင်း မြန်မာနိုင်ငံ အနှံ့ကစက်ရုံပေါင်း ၂၆၆ ခုနှစ်မှာ အလုပ်သမားနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၅၅၆ ခုကို မှတ်တမ်းတင်ထားခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေကလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး (ILO) အနေနဲ့ အာဏာသိမ်း စစ်ကောင်စီက အလုပ်သမားတွေကို အဓမ္မ ခိုင်းစေမှုတွေ အပါအဝင် အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကို စည်းမျဉ်းတွေနဲ့အညီ တုံ့ပြန် အရေးယူပေးဖို့ တောင်းဆိုလာပါတယ်။
နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ IndustriALLဟာ စစ်ကောင်စီကို အထိနာစေဖို့အတွက် နိုင်ငံတကာ အထင်ကရ ဖက်ရှင်နဲ့ အဝတ်အထည် လုပ်ငန်းကြီးတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားရာကနေ ထွက်ခွာကြဖို့ တောင်းဆိုနေခဲ့ပြီး ၂၀၂၂ ကစလို့ Primark၊ New Look၊ Inditex၊ H&M၊ Lidlနဲ့ Fast Retailingတို့ဟာ အဲဒီ ကိစ္စကို လိုက်လျောဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းကြီးတွေက Myanmarနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေနဲ့ ဆက်လက် ပူးပေါင်းထားဆဲဖြစ်တဲ့ အဝတ်အထည် အမှတ်တံဆိပ်တွေ အနေနဲ့လည်း အာဏာသိမ်းမှု နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ရင် မျက်ကွယ်ပြုမထားကြဖို့ တောင်းဆိုခဲ့ပါတယ်။