သြဂုတ် ၃၊ ၂၀၂၆ မေရီ/People’s Spring
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။
လူသွားလူလာများပြီး အချက်အချာကျတဲ့ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာနယ်မြေ၊ မြဝတီမင်းကြီးလမ်းပေါ်မှာရှိတဲ့ မြေငှားဆိုင်ခန်းနဲ့ လုပ်ငန်း ၁၈ ခု၊ ၆၂ လမ်းပေါ်က မြေငှား ဆိုင်ခန်းနဲ့လုပ်ငန်း ၁၂ ခု၊ စုစုပေါင်း ၃ဝ ခုကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး လုပ်ငန်းပိတ်သိမ်းစေခဲ့တယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ်(၃)ရဲ့ စာမှာ ဖော်ပြပါတယ်။
အဲဒီနေရာတွေကို မြေနေရာဆက်လက်ငှားရမ်းခွင့်မပြုတော့တာကြောင့် မိမိတို့အစီအစဥ်နဲ့ အမြန်ဆုံးဖယ်ရှားပေးကြဖို့နဲ့ ဖယ်မပေးဘူးဆိုရင် ဖယ်ရှားရှင်းလင်းသွားမယ်လို့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement
အဲဒီနေရာတွေဟာ ယခင်စစ်တပ်အစဥ်အဆက်အုပ်ချုပ်စဥ်က ဆိုင်ခန်းဆောက် ရောင်းစားခဲ့ကြတဲ့နေရာတွေဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “အရင်က စည်ပင်တွေလုပ်စားထားကြတဲ့ နေရာတွေ ဖယ်ရတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါဆိုင်ခန်းတွေဟာ မိုဘိုင်းဖုန်းဆိုင်အပါအဝင် လုပ်ငန်းကြီးတွေ အများအပြား ပါဝင်နေတာကြောင့် ယခုလို ဖယ်ပေးရမယ့်အပေါ် အခက်အခဲတွေရှိနေကြတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဌာနအသီးသီးရဲ့ရုံးတွ ဆောက်လုပ်ရောင်းချထားတဲ့ ဆိုင်ခန်းတွေကို ဆက်တိုက်ဖယ်ရှားနေတာဖြစ်ပါတယ်။ မန္တလေးမြို့မှာဆိုရင် ရဲစခန်းတိုက်တန်း၊ ဗထူးကွင်းတိုက်တန်း၊ မဟာအောင်မြေ အားကစားကွင်းတိုက်တန်း၊ ဆောက်လုပ်ရေးရုံးတိုက်တန်း၊ မြို့နယ်ပညာရေးရုံးတွေက တိုက်တန်းတွေနဲ့ အခြားဌာနဆိုင်ရာကရောင်းချထားတဲ့တိုက်တန်းတွေ ဖယ်ရှားခံနေရပါတယ်။

















































