ဒီးဒီ/People’s Spring
ထိုင်းဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံအပြီးနောက်တရက်တွင် ဘန်ကောက်မြို့ရှိစစ်ကောင်စီ၏မြန်မာသံရုံးက ထိုင်းရောက်မြန်မာများအား ခြိမ်းခြောက်သည့်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ပြုလုပ်သည့် ဒဿမအကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေး၏ ဆက်စပ် အစီအစဉ်တစ်ခုတွင် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၇ရက်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာများ၏ အချက်အလက်များ မျှဝေပေးပို့ရန် တောင်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Thai Enquirerက ဖော်ပြသည်။
မင်းအောင်လှိုင်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၏ တည်နေရာနှင့် အခြား အချက်အလက်များ မျှဝေပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး အဆိုပါအကြောင်းအရာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံလည်း ပေးပို့ထားကြောင်း Thai Enquirerက ဆိုသည်။
ထို့သို့ တွေ့ဆုံတောင်းဆိုပြီး နောက်တစ်ရက်တွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ထိုင်းရောက်မြန်မာများနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာခြင်းဖြစ်သည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်နေကြောင်း၊ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာသံရုံးက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများအနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀နှုန်းဖြင့် စုစုပေါင်း ဘတ်၂၀,၀၀၀ ထက်မပိုသော ဒဏ်ကြေးငွေအား ပေးဆောင်ရမည်ဖြစ်ကြောင်း၊ သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သက်တမ်းကျော်လွန်နေထိုင်မှုအလိုက် အနည်းဆုံး (၁)နှစ်မှ (၁၀)နှစ်အထိ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည်ဟု ထပ်မံဖော်ပြထားသည်။
မြန်မာသံရုံး၏ ထုတ်ပြန်ချက်အပေါ် Lynn Wai Lattအကောင့်က “ကိုယ့်လူမျိုးကိုယ် ဘယ်လို ဒုက္ခပေးရမလဲပဲ အစီအစဉ်ရှိတဲ့ စစ်တပ်လက်ကိုင်တုတ်သံရုံး”ဟု မှတ်ချက်ပြုရေးသားထားသည်။
စစ်ကောင်စီသည် ထိုင်းရောက်မြန်မာများထံမှ အခွန်အခရရှိရေးနှင့် ၎င်းတို့အားလုံး သံရုံးနှင့် ထိတွေ့ဆက်ဆံမှုရှိစေရန် လုပ်ဆောင်လာခြင်းဟု ထင်မြင်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသော MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
” အဓိက အခွန်အခရဖို့ ဦးတည်နေတာလားပေါ့။ ထိုင်းကလည်း သူတို့အနေနဲ့ အလုပ်သမားတွေနဲ့ ထိပ်တိုက်မတွေ့အောင်တော့နေမယ် ထင်တယ်။ မင်းအောင်လှိုင်တောင်းဆိုတဲ့အတိုင်းတော့ မလုပ်လောက်ဘူး။ သူလည်း နိုင်ငံတကာရဲ့စောင့်ကြည့်မှုကို ခံနေရတာဆိုတော့”ဟု ကိုရဲမင်းက ပြောသည်။ သို့သော် ထိုင်းရောက်မြန်မာများအနေဖြင့် ယခင်ကထက် ပိုမိုသတိထားနေထိုင်ကြရန်လည်း ကိုရဲမင်းက ဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း မနက်ဖန် စနေနှင့် တနင်္ဂနွေ နှစ်ရက်ကို ထိုင်းအစိုးအဖွဲ့စုံက စစ်ဆေးဖမ်းဆီးမည်ဖြစ်၍ မဲဆောက်နေမြန်မာများအနေဖြင့် အဆိုပါ နှစ်ရက်အား အပြင်မထွက်ကြရန် လူမှုကွန်ရက်တွင် အချင်းချင်းသတိပေးနေကြသည်။
ထိုင်းအစိုးရသည် ရက်ပေါင်း ၁၂၀စီမံချက်ဟုဆိုကာ ဇွန်လ ၅ ရက်မှအောက်တိုဘာ ၂ ရက်အထိ သတ်မှတ်ပြီး အထောက်ထားမဲ့ နေထိုင်သူများအား စစ်ဆေးရာ ထိုင်းရောက်မြန်မာ ၂၀၉,၄၃၅ ဦး စစ်ဆေးခံရပြီး ၁,၂၈၉ ဦး ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ ထိုသို့ အရေးယူခံရသူများအား နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းပြီး နယ်စပ်သို့ ပြန်ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် အလုပ်သမားဥပဒေအရ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့လေ့ရှိသော်လည်း လတ်တလောမြန်မာနိုင်ငံ၏ အခြေအနေအရ နေရပ်ပြန်ပို့မှုများမလုပ်ဆောင်သင့်ကြောင်း ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်သူ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ Mr. Sompong Srakaew က ပြောသည်။
” ထိုင်းအစိုးရက မြန်မာနိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်။ ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်”ဟု Mr. Sompong Srakaew က ပြောသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၇ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို လွှဲပြောင်းနေရပ်ပြန်ပို့ရာ ကော့သောင်းမြို့ရှိ စစ်ကောင်စီအဖွဲ့က အသက်အရွယ်ငယ်ရွယ်သူ ၂၇ဦးကို ရွေးထုတ်ပြီး ကော့သောင်းမြို့ခွဲတမ်းအတွက် စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည်။
ထိုင်နိုင်ငံတောင်ပိုင်း အကျဥ်းထောင်အသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် အကျဥ်းကျခံရသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်း – မြန်မာနှစ်နိုင်ငံသဘောတူညီမှုဖြင့် နေရပ်ပြန်ပို့ပေးသည့် အစီအစဥ်မှာ ယခင်ကတည်းက လစဥ်ပြုလုပ်လေ့ရှိသည်။
အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့မှ ကော့သောင်းမြို့သို့ စက်လှေဖြင့် နေရပ်ပြန်ပို့ပေးခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် စစ်ကောင်စီက နေရပ်ပြန်ပို့ခံရသူများအနက် လူငယ်များအား ရွေးထုတ်ပြီး စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်နေခြင်း ဖြစ်သည်။