▪︎CDF မင်းတပ်က မြို့သိမ်းစစ်ဆင်ရေး လုပ်ဆောင်မည့် သတင်းစကား အသိပေးပြီး ပစ်ခတ်သံများ ထွက်ပေါ်လာ
“အသံတော့ ကြားနေရတာပဲ။ ပြောလို့မရဘူး။ အခုကြားနေရတာပဲသိတယ်” ဟု ဒေသခံတဦးက မင်းတပ်မြို့ပေါ်၌ နိုဝင်ဘာ ၉ရက်တွင် ပစ်ခတ်သံများ ကြားနေရသည့်အခြေအနေကို ပြောသည်။
မင်းတပ်မြို့စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး CDF မင်းတပ် တာဝန်ရှိသူက လတ်တလော ဖြေကြားရန် မရှိသေးကြောင်း ပြောကြားပြီး အောင်မြင်မှု နှင့်အတူ အသိပေးမည်ဟု ပြောပြသည်။
“အောင်အတိတ် အောင်နမိတ် အောင်စိန်နဲ့ ပြည်ချစ်တဲ့ အောင်စစ်သည်တွေ အောင်ပွဲ ရစေသောဝ်” ဟု CDF မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က လူမှုကွန်ရက်၌ နိုဝင်ဘာ ၉ ရက်တွင်ရေးသားထားသည်။

Public Service Announcement
မင်းတပ်ဒေသ သတင်းများ ပုံမှန်ဖော်ပြလေ့ရှိသည့် ဒေသခံတစ်ဦးကလည်း နိုဝင်ဘာ ၉ရက် မနက် ၉နာရီ ခန့်မှစ၍ မင်းတပ်မြို့ ရဲစခန်းရှေ့ ခေါနူးရီက္ခာ အနီး ပြည်သူ့နေအိမ်များကို စစ်ကောင်စီနှင့် ရဲများက မီးရှို့ဖျက်ဆီးနေကြောင်း အသိပေးထားသည်။နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီ ၂၀ ခန့်တွင်လည်း မင်းတပ်မြို့အနောက်ပိုင်းရှိ ဆောက်လုပ်ရေးဝန်း အနောက်ဘက်ခြမ်းနားတွင် မီးစတင်လောင်နေသည်ဟုလည်း ဒေသခံအချို့က လူမှုကွန်ယက်တွင်ရေးသားအသိပေးထားသည်။
ထို့အပြင်မင်းတပ်မြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF-မင်းတပ်)က မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ရန်ပုံငွေ ရှာဖွေသည့် လှုပ်ရှားမှုကို နိုဝင်ဘာ ၁ရက်က စတင်ပြုလုပ်နေကြောင်း CDF မင်းတပ်က အသိပေးထားသည်။တောင်ဇလပ်မြေ Campaign ဟု အမည်ပေးထားသည့် အဆိုပါ လှုပ်ရှားမှုကို CDF မင်းတပ် ရန်ပုံငွေရှာဖွေရေး ကော်မတီက ဦးဆောင် နေခြင်းဖြစ်ပြီး မင်းတပ်ရှိ မြေကွက် ၂ကွက်၊ ထီးလင်းရှိ မြေကွက် ၁ကွက်ကို ကံစမ်းမဲ ဖောက်ပေးသွားမည်ဟု အသိပေးထားကာ Campaign ကာလမှာ နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်နေ့အထိ တစ်လ ဖြစ်သည်ဟုကြေညာထားသည်။
အဆိုပါ မင်းတပ်မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မည့် အစီအစဉ်ကို အသိပေးစတင်ခဲ့ပြီးနောက် ၉ရက်အကြာ နိုဝင်ဘာ ၉ရက် (၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့) တွင် မင်းတပ်မြို့ပေါ်၌ ပစ်ခတ်သံများ ကြားရခြင်းဖြစ်သည်။
CDF မင်းတပ်သည် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) များ စုဖွဲ့ထားသည့် ချင်းညီနောင် အဖွဲ့ဝင် ဖြစ်ပြီး ချင်းညီနောင်နှင့် မဟာမိတ် AA တို့သည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၊ မတူပီ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်အောင်မြင်ခဲ့သည်။
စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့ကို လေယာဉ်ဖြင့် စစ်လက်နက်အင်အားဖြည့်တင်းခြင်း၊ မြို့တွင်းရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မင်းတပ်မြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခြင်း တို့ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။ ထိုသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့်တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း CDF မင်းတပ်က ပြီးခဲ့သည့် လအနည်းငယ်က အသိပေးထုတ်ပြန်ထားသည်။


















































