Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့၌လူသိများသည့် နိုင်ငံရေးအကျဥ်းသားဦးစိန်လင်း ကွယ်လွန်

ဦးစိန်လင်းသည် မန္တလေးအိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်(၂၇)နှစ်အထိ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

(ကွယ်လွန်ခဲ့သော ကိုငယ်လေး(ခ)ဦးစိန်လင်းအား တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)
(ကွယ်လွန်ခဲ့သော ကိုငယ်လေး(ခ)ဦးစိန်လင်းအား တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

အင်ကြင်း/People’s Spring

မန္တလေးမြို့၌ လူသိများပြီး အိုးဘိုအကျဉ်းထောင်၌ နှစ်ရှည်ထောင်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအငယ်လေး(ခ)ဦးစိန်လင်းသည် ဆေးရုံရောက်ပြီး နောက်တရက်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၀ရက် ညနေ ၅ နာရီ ၁၀မိနစ်ခန့်က မန္တလေးအကျဉ်းထောင်၌ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော အသက်(၅၈)နှစ်အရွယ် နိုင်ငံရေးအကျဥ်းသား ကိုအငယ်လေး(ခ)ဦးစိန်လင်းသည် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။

“တနေ့ကမှ ထောင်ထဲကနေဆေးရုံပို့တယ်။ မနေ့ကဆုံးတယ်။ ခုရက်ပိုင်းနိုင်ကျဥ်း​တွေ​သေကာနီးရက်ပိုင်း​လောက်မှ အပြင်ထုတ်​ပေးကြတယ်။”ဟု နိုင်ကျဥ်းများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းကွယ်လွန်ရသည့်ရောဂါအခြေအနေနှင့်ပတ်သက်၍ မသိရသေးပေ။

ဦးစိန်လင်းသည် မန္တလေးအိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်(၂၇)နှစ်အထိ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

ဦးစိန်လင်းသည် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၌ ကျောင်းသားသမဂ္ဂ အမာခံတပ်ဦးအဖွဲ့ဝင်ဖြစ်ပြီး”အောင်ဆန်းကြယ်နီစစ်ကြောင်း”တွင် ပါဝင်ခဲ့သည်။ ထို့နောက် စစ်တပ်က အာဏာသိမ်းအပြီး ပါတီတည်ထောင်ခွင့်ရချိန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် ဗ.က.သအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။

ဘွဲ့ရဒီမိုကရက်တစ်ကျောင်းသားဟောင်းများအဖွဲ့(GOSDA)တွင် ပါဝင်၍ (ABSDF) ကျောင်းသားအဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

၁၉၉၁ခုနှစ်တွင် ထောက်လှမ်းရေး(၁)မှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၈ခုနှစ်တွင် ဒုအကြိမ် ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ထောင်နှစ်၂၀ချမှတ်ခံရသည်။

၂၀၀၉ခုနှစ်၌ ထောင်မှလွတ်ပြီး တက္ကသိုလ်မွတ်စလင်ရိပ်သာရှိတက္ကသိုလ်မွတ်စလင်မိတ်သဟာအသင်းUMFကို ဦးညီညီကျော် (ABSDF)နှင့်လက်တွဲ တည်ထောင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်၌ ကျောင်းသားရဲဘော်ဟောင်းများအဖွဲ့၊ မေတ္တာကမ်ပိန်းအဖွဲ့များ၌ ပါဝင်ကာအလုပ်သမားရေးရာပြဿနာများ၊မြေယာပြဿနာများ ဖြေရှင်းဆောင်ရွက်ခဲ့သည်။

ယခင် FTUB ယခု CTUMနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နှင့် ချိတ်ဆက်ကာ အလုပ်သမားပြဿနာများ ဖြေရှင်းခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပေးခြင်း၊ အလုပ်ရှင်/အလုပ်သမားပြဿနာများ ညှိနှိုင်းဆောင်ရွက်ခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စိမ်းရောင်စို Activities ၊ Green Justice Institute ၊မန္တလေးသူငယ်ချင်းများအဖွဲ့တို့နှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ၊သဘာဝဘေးဒါဏ် ကူညီရေး၊ ရေရှားပါးသည့်ဒေသများ သောက်သုံးရေရရှိရေး ဆောင်ရွက်မှုများတွင် ပါဝင်ခဲ့သည်။

၂၀၁၉ခုနှစ်တွင်”ပြည်သူ့ပါတီ” မန္တလေးတိုင်းဒေသကြီးစည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်၍

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ “ပြည်သူ့ပါတီ” ကိုယ်စားပြု၍ချမ်းအေးသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)တွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်တွင် ပြည်သူ့ပါတီမှနုတ်ထွက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများတွင်ပါ၀င်လှုပ်ရှားရပ်တည်မှုများကြောင့် နိုငိငံရေးပုဒ်မများဖြင့် ထောင်ဒဏ်၂၇နှစ်ထိ ချမှတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ကလည်း အိုးဘိုအကျဥ်းထောင်၌ အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

​အလားတူ အိုးဘိုထောင်၌ ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည်လည်း အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်ခဲ့သည်။

အဆိုပါနိုင်ငံရေးအကျဥ်းသား ၃ ဦးလုံးသည် ထောင်တွင်း၌ ဆေးဝါးကုသခွင့်မရရှိဘဲ ကွယ်လွန်ကာနီးမှ စစ်ကောင်စီက ဆေးရုံပို့ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများနှင့် နီးစပ်သူများကပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။