Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများအကြောင်း ကုလညီလာခံသို့ အထူးအစီရင်ခံစာတင်သွင်းသူ ရှင်းလင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

(ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာသောမက်စ်အန်ဒရူး။ ဓာတ်ပုံ - OHCHR)
(ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာသောမက်စ်အန်ဒရူး။ ဓာတ်ပုံ - OHCHR)

အီယိုရီ/People’s Spring

မြန်မာ့အကြမ်းဖက်စစ်တပ်သည် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို သတ်ဖြတ်ခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများလည်း ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ၏ လွတ်လပ်သောလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ၏ အစီရင်ခံစာအသစ်၌ ဖော်ပြသည်။

အမေရိကန်လွှတ်တော်အမတ်ဟောင်း၊ လက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ သောမက်စ်အန်ဒရူးသည် နိုဝင်ဘာ ၂၂ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အစီရင်ခံစာသစ်တစ်စောင်တင်သွင်းခဲ့ရာ အာဏာသိမ်းစစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုများအတွက် အရပ်သားပြည်သူများအပေါ် ဆန်းသစ်သောစစ်လက်နက်များအသုံးပြုကာ တုန့်ပြန်ခဲ့ကြောင်းနှင့် ၎င်းမထိန်းချုပ်နိုင်သော မြို့များကို ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

Public Service Announcement

Public Service Announcement

“မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ မြင့်တက်လာတာက နိုင်ငံအစိုးရတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေဆီကို စစ်လက်နက်တွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လေယာဥ်ဆီလွှဲပြောင်းတာတွေကို ခွင့်ပြုပေးတာ ဒါမှမဟုတ် တက်ကြွစွာ ပံ့ပိုးကူညီတာ လုပ်ဆောင်နေတာကြောင့်ပါ” ဟု ၎င်းက ကုလသမဂ္ဂညီလာခံသို့ ပြောသည်။

သို့သော် အထက်ပါ ကုလကျွမ်းကျင်သူသည် မည်သည့်နိုင်ငံ အစိုးရများဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့ရာတွင် ကုလကျွမ်းကျင်သူက စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများက (စစ်ကောင်စီထံ)လက်နက်လွှဲပြောင်းမှု ၉၀ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့မှုအပေါ် စင်ကာပူနိုင်ငံအား ချီးကျူးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဘဏ်များအား အမေရိကန်၏ အရေးယူပိတ်ဆို့မှုကြောင့် စစ်လက်နက်ပံ့ပိုးမှုကွင်းဆက်ကို အခက်တွေ့စေခဲ့ကြောင်း ပြောသည်။

စစ်ကောင်စီအပေါ် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များမှာ ခြွင်းချက်များရှိနေဆဲဖြစ်ကြောင်း ကုလအထူးအစီရင်ခံစာတင်သွင်းသူက ပြစ်တင်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးပျက်စီးဆုံးရှုံးမှု နှင့် လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းရန် စစ်ကောင်စီထံ စစ်လက်နက်ပေးပို့မှု ရပ်တန့်ခြင်း၊ လူသားချင်းစာနာမှုအကူအညီ သန်းချီမြှင့်တင်ပေးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုများအား ပံ့ပိုးကူညီပေးခြင်းများ လုပ်ဆောင်ရန် ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးအစီရင်ခံစာတင်သွင်းသူက တောင်းဆိုသည်။

ထို့အပြင် လာမည့် ၂၀၂၅ နှောင်းပိုင်းတွင် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် စစ်ကောင်စီ၏ အစီအစဥ်မှာ အဓိပ္ပာယ်မဲ့လှောင်ပြောင်မှုဖြစ်ပြီး နိုင်ငံတကာဖိအားလျော့ပါးစေရန်နှင့် တရားဝင်မှုဖန်တီးရန် ဟန်ပြကြိုးပမ်းမှုသာဖြစ်ကြောင်း အထက်ပါကုလကျွမ်းကျင်သူက ပြောသည်။

“(စစ်ကောင်စီရွေးကောက်ပွဲရဲ့)ဒီလှည့်ဖြားကြိုးပမ်းမှုက ဒေါသပုန်ထစေတဲ့အပြင် အန္တရာယ်လည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီရွေးကောက်ပွဲက ထင်မှတ်မထားတဲ့ မတည်ငြိမ်မှုမျိုးနဲ့ အကြမ်းဖက်မှုတွေဆီ ဦးတည်နိုင်လို့ပါပဲ” ဟု မစ္စတာအန်ဒရူးက သတိပေးသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူပေါင်း ၃.၁သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း ၁၈.၆သန်းမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း၊ ယင်းအနက် လူပေါင်း ၁၃.၃သန်းမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေများကို ရင်ဆိုင်နေရကြောင်း ကုလအထူးအစီရင်ခံစာတင်သွင်းသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူ ၅,၈၀၀ကျော်ကို သတ်ဖြတ်ခဲ့ကာ လူနေအိမ် ၁၀၀,၀၀၀ကျော်နှင့် အခြားသော အရပ်သားအဆောက်အဦးများကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် နိုင်ငံရေးအကျဥ်းသား ၂၁,၀၀၀ကျော်ကိုလည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။

ယင်းနောက် ကုလအထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် ရက္ခိုင်ပြည်နယ်အခြေအနေကို ထည့်သွင်းဖော်ပြခဲ့ပြီး နိုင်ငံအနောက်ပိုင်း ရက္ခိုင်ပြည်နယ်တွင် အဆိုးရွားဆုံးနှင့် အန္တရာယ်အရှိဆုံးဖြစ်ကြောင်း ပြောသည်။

၂၀၂၃ နိုဝင်ဘာတွင် အာရက္ခတပ်တော်(AA)သည် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် စစ်တပ်ကို ထိုးစစ်ဆင် စတင်တိုက်ခိုက်ခဲ့ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်ထက်ဝက်ကျော်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

အစီရင်ခံစာတွင် မစ္စတာအန်ဒရူးက “အာရက္ခတပ်တော်ဟာ အဆင်ခြင်မဲ့တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် တရားလက်လွှတ်ဖမ်းဆီးမှုများအပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပါဝင်ပတ်သက်နေပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်ကလည်း ရက္ခိုင်ပြည်နယ်တွင် ရှုံးနိမ့်မှုများအတွက် အရပ်သားများအား တိုက်ခိုက်ခြင်း၊ ရက္ခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာအသိုက်အဝန်းများအကြား တင်းမာမှုများမြင့်တက်စေခြင်းတို့ဖြင့် တုန့်ပြန်ခဲ့ကြောင်း ကုလအထူးအစီရင်ခံစာတင်သွင်းသူက ဆက်ပြောသည်။

ကိုးကား – Daily Mail

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။