အိမ်သွင်/People’s Spring
မောင်တောမြို့နခခ(၅)တပ်ရင်းမှ ထွက်ပြေးသွားသည့်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က ဖမ်းမိထားပြီဟု AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“နခခ(၅)နောက်မှာ နတ်မြစ်ဝနဲ့ ပင်လယ်ပဲရှိတာ။ မြစ်ဝကိုရောက်ဖို့ဆိုရင်တောင် နွံတောကြီးက ပေ ၃၀၀လောက် ကျယ်တယ်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အဖွဲ့ကိုAAက မိထားတယ်လို့ ကျတော်တို့ သိထားတယ်” ဟု အဆိုပါ စစ်ရေးသတင်းမြစ်ကပြောသည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ပြီးခဲ့သည့်နိုဝင်ဘာလ၈ရက်နေ့ကတည်းက နခခ(၅)ကို စွန့်ခွာထွက်ပြေးသွားခြင်းဟု နခခ(၅)အတွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြားထားသည့်ရုပ်သံဖိုင်အရသိရသည်။
အာရက္ခတပ်တော်(AA)က မသိမ်းယူမီ နခခ(၅)အတွင်း ပိတ်မိနေသည့် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက အသနားခံ အကူအညီတောင်းထားသည့်ရုပ်သံဖိုင် မှာ ဒီဇင်ဘာ ၈ ရက်က ထွက်ပေါ်လာသည်။ထိုရုပ်သံဖိုင်သည် နခခ(၅)အတွင်း ပိတ်မိနေသည့်စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်နိုဝင်ဘာလ၈ရက်နေ့တွင် ရိုက်ကူးထားခြင်းဖြစ်သည်။
“ဘယ်မှလဲထွက်လို့မရဘူး။ ဘယ်မှလဲသွားလို့မရဘူး။ အကုန်လုံးကပိတ်နေပြီ။ အကုန်လုံးဒုက္ခရောက်နေပြီ။ စစ်သည်တွေရောအကုန်လုံးတပ်ဖွဲ့ဝင်တွေ ဒီနားလေးမှာစားဖို့သောက်ဖို့လည်းဘာမှမရှိဘူး။ အကုန်လုံးဒီထဲမှာ ပိတ်မိနေပြီ။ ၁၅တပ်ဖွဲ့မှုးလည်း အလွတ်ရုံးသွားပြီ” ဟု ငိုသံပါဖြင့် ပြောထားသည်။
ထိုအချိန်ကတည်းကထွက်ပြေးသွားပြီးနောက် နခခ(၅)အနီး မွတ်စလင်ရွာများတွင် စစ်ကောင်စီလက်အောက်ခံမွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံ၌ ပုန်းအောင်းနေခဲ့ပြီး နခခ(၅)ကို အမိန့်ပေးကွပ်ကဲနေခဲ့သည်ဟု စစ်ရေးသတင်းမြစ်ကပြောသည်။
ဒီဇင်ဘာ၈ ရက်နေ့ နံနက်ပိုင်းကမှ မွတ်စလင်လက်နက်ကိုင်အဖွဲ့ ၈၀ ခန့်နှင့်အတူ ဗိုလ်မှူးချုပ်သူရိန်ထွန်းဦးဆောင်သည့် စစ်ကောင်စီအရာရှိအချ်ို့ကိုပါ ဖမ်းမိခြင်းဟု ၎င်းကဆက်ပြောသည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းကွပ်ကဲသည့်အမှတ် (၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ဘူးသီးတောင်မြို့နယ်တွင်အခြေစိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်မေလတွင် ဘူးသီးတောင်မြို့ကို AAက သိမ်းပိုက်ရာ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောသို့ ထွက်ပြေးသွားခဲ့သည်။ မောင်တောမြို့ပေါ်မှစစ်ကောင်စီစခန်းများအား AAက ထပ်မံသိမ်းပိုက်ပြန်ရာ ၎င်းက နခလ(၅)တွင် အထိုင်ချပြီး ခုခံနေခဲ့ခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့တွင်ရှိနေစဉ် AAမုန်းတီးရေးနှင့် လူမျိုးရေး အမုန်းတရားလှုံ့ဆော်သည့် သပိတ်များ ဖန်တီးခဲ့သလို မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးရန် အဓိကစေခိုင်းခဲ့သူဟု သတင်းများထွက်ပေါ်ခဲ့သည်။အဆိုပါစစ်ရာဇဝတ်မှုများအတွက် ကျူးလွန်သူနှင့်ပူးပေါင်းပါဝင်သူများကို ထိ ရောက်စွာအရေးယူမည်ဟု AAက ထုတ်ပြန်ခဲ့ဖူးသည်။
သို့သော်ဗိုလ်မှူးချုပ်သူရိန်ထွန်းအား ဖမ်းမိထားသည်ဆိုသော သတင်းနှင့်ပတ်သက်၍ AAက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္ဇရာသတင်းဌာနက ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့်မွတ်ဆလင်စစ်သားများ အပါအဝင် အင်အား ၁၀၀ ခန့်သည် နခခ(၅) ရှေ့တည့်တည့် မြောက်ဘက် ခြံစည်းရိုးအပေါက်မှတဆင့် ဇူလမွတ်ဆလင် ကျေးရွာကို ဝင်ရောက်ကာနတ်မြစ်ကို လှေဖြင့်ခိုးထွက်ရန် ကြိုးပမ်းစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကို ကိုးကား၍ ဖော်ပြထားသည်။ သူရိန်ထွန်းနှင့်အတူ စစ်ကောင်စီအရာရှိအချို့ကိုလည်း AA က ဖမ်းမိထားပြီး လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားပြီဟုသိရကြောင်း ဖော်ပြထားသည်။
AAက နခခ (၅)ကို ဒီဇင်ဘာလ ၈ရက်နေ့၊ နံနက် ၉နာရီ ၃၀မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးနေသူများကို လိုက်လံရှင်းလင်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များသည် ထွက်ပြေးနေ၍ နတ်မြစ်၏ ရခိုင်ပိုင်နက်အတွင်း ရေကြောင်းသွားလာမှုများ ဒီဇင်ဘာလ ၈ရက်ညနေ ၃နာရီမှစ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းလည်း AAက ကြေညာထားသည်။
AAသည် တိုက်ခိုက်သိမ်းယူပြီးဖြစ်သည့် ရခိုင်ပြည်နယ်ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များ နှင့် ပလက်ဝ ဒေသ တိုက်ပွဲများတွင်လည်း စစ်ကောင်စီထိပ်တန်းအရာရှိများကို ဖမ်းဆီးခဲ့ဖူးသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို ရက္ခိုင့်တပ်တော် AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုတပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးခဲ့သည်ဟု AAက ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းအား အသေဖမ်းဆီးရမိခဲ့ကြောင်း၊ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိထားကြောင်း AA က ထုတ်ပြန်ခဲ့သည်။
ပလက်ဝဒေသတိုက်ပွဲတွင်လည်း ပလက်ဝအခြေစိုက်စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကိုမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကိုမူ တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ကချင်ပြည်နယ်တွင်ဖော်ဆောင်နေသည့်မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီထိပ်တန်းအရာရှိအချို့ကို ဖမ်းမိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြားရှိ စိန်လုံဗျူဟာကို KIAနှင့် ပူးပေါင်းတပ်က သိမ်းယူစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီဗျူဟာမှူးကို လယ်ကွင်းတစ်ခုအတွင်း ပြန်ဖမ်းမိခဲ့သည်။KIA ရဲဘော်များက မေးမြန်းရာ ကြောက်လို့ ထွက်ပြေးနေခြင်းဟု ဗျူဟာမှူးက ပြန်ဖြေခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။
ကိုးကန့်တပ် MNDAAက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လောက်ကိုင်ဒကစအား တိုက်ခိုက်သိမ်းပိုက်စဉ် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူနှင့် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦးနှင့် တပ်ဖွဲ့ဝင် ထောင်ချီဖမ်းမိခဲ့သည်။ ဖမ်းမိပြီး တပတ်ခန့်အကြာ၌ MNDAAက ပြန်လွှတ်ပေးခဲ့သည်။ စစ်ကောင်စီထံပြန်လည်ရောက်ရှိလာသည့်ဗိုလ်မှူးချုပ်မိုးကျော်သူသည် စစ်ခုံရုံးဖြင့်စစ်ဆေးခံရပြီးသေဒဏ်ချမှတ်ခံထားရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့သိမ်းတိုက်ပွဲများတွင် တပ်မမှုးအဆင့် စစ်ကောင်စီထိပ်တန်းအရာရှိအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးသည်။