■အာရက္ခဒေသ ထိုးစစ်သည် မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ရိုက်အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ဖော်ပြ
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့နယ်အပါအဝင် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ခုနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်တို့အား အလုံးစုံသိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA)က လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက် များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း ယနေ့ ဒီဇင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဒီဇင်ဘာ ၂၀ရက်တွင် အမ်းအခြေစိုက် နပခစစ်တိုင်းဌာနချုပ်ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၉ရက်တွင် ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်အားလုံးကိုလည်းကောင်း စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်အောင်မြင်မှုရခဲ့သည့် AAက ဂွမြို့သိမ်းနိုင်သည့်နေ့၌ ယခု ကဲ့သို့ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း ဖော်ပြသည်။
AA အနေဖြင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်သုံးခုသာ သိမ်းပိုက်ရန်သာ ကျန်တော့သည့် အခြေအနေ၌ ယခု ကဲ့သို့အသိပေးလာခြင်းလည်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သော အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်းလည်း ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
AA အဖွဲ့အစည်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလား တောင့်တသော နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှုနှင့်အတူ အာရက္ခဒေသအတွင်းနေ လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေး၊ ဒေသတစ်ခုလုံး ဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှ လွတ်မြောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အဓိက ရှေ့ဆောင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုလည်း အသိပေးသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့ အစည်းသည် အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိုလည်း လိုလားကြောင်း ဖိတ်ခေါ်ထားသည်။
လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် မိမိတို့အဖွဲ့အစည်းသာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
AA နည်းတူပင် ၎င်း၏ မဟာမိတ်များဖြစ်သော တအာင်း(TNLA)နှင့် ကိုးကန့်(MNDAA)တို့သည်လည်း နိုင်ငံရေးနည်းအရ ဖြေရှင်းရန်အသင့်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်ထားသည်။
တရုတ်အစိုးရက စစ်ကောင်စီနှင့်တိုက်ပွဲများ ရပ်စဲရန် ဖိအားပေးမှုများ ပြုလုပ်နေသည့် အခြေအနေတွင် MNDAA၊ TNLA နှင့် AAတို့က ယခုကဲ့သို့ ဆွေးနွေးရေးနည်းလမ်းဖြင့် ပြဿနာများ ဖြေရှင်းရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အဖွဲ့အချို့က မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက်ကိုင်စွဲထားကြောင်း အသိပေးသည်။
AA သည် ရခိုင်တပြည်နယ်လုံးတွင် စစ်ကောင်စီကင်းစင်အောင် တိုက်ခိုက်သွားမည်ဟုလည်အကြိမ်ကြိမ် ကြေညာထားသည်။